27 C
Yangon

မြင်းမူတွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်သား ၇ ဦး သေဆုံး၊ သထုံတွင် စစ်ယာဉ်တန်းများ နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်သား အနည်းဆုံး ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းကျေးရွာမှ ဂွေးပင်တောဘက်သို့ တောလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက စက်တင်ဘာလ ၂၆ ရက် ယနေ့နံနက် ၈ နာရီ ၅၀ မိနစ်တွင် မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

မြင်းမူ လင်းယုန်နက် ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက Mytel ဆက်သွယ်ရေးတာဝါတိုင် အစိတ်အပိုင်းများဖြင့် ပြုလုပ်ထားသော မိုင်း ၄ လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၇ ဦး နေရာတွင် သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း Black Eagle Defence Force – MMU က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် မြောင်နယ် နဘက်ကျေးရွာမှ စစ်ကြောင်းထိုးပြီး ဘိုးမင်းကြီးကင်းကျေးရွာဘက်သို့ ပြန်လာသောအဖွဲ့ဖြစ်ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုကို Black Eagle Defence Force – MMU၊ CRF မြင်းမူ၊ PDF မြင်းမူ၊ CDSOM နှင့် မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီထောက်ပို့ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းများသည် စစ်ကိုင်တိုင်း၊ မြင်းမူမြို့နယ်တွင် ယမန်နေ့နှင့် ယနေ့ နှစ်ရက်အတွင်း ဒေသကာကွယ်ရေးအဖွဲ့များ၏ ၄ ကြိမ် ဖောက်ခွဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၁၇ ဦး သေဆုံးကာ လက်နက်ခဲယမ်းအချို့ကို ဒေသကာကွယ်ရေးအဖွဲ့များက ရရှိခဲ့သည်။

ထို့ပြင် မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းများကို KNLA ပူးပေါင်းအဖွဲ့က မိုင်းခွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား အနည်းဆုံး ၄ ဦး သေဆုံးပြီး ဒဏ်ရာရသူများ ရှိကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၂၂ ရက် ည ၈ နာရီခွဲတွင် သထုံမှ ဘီးလင်းဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်းကို ဘောခမ်းကွင်း ကရင်လေးဆိပ်ကျေးရွာအနီးတွင် KNLA တပ်ရင်း ၂ နှင့် PDF တပ်ခွဲ ၃ ပူးပေါင်းအဖွဲ့က မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီ ကား ၂ စီး ထိမှန်ပြီး စစ်သား ၄ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရသွားကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၂၄ ရက် ည ၉ နာရီ ၈ မိနစ်တွင် စစ်ကောင်စီယာဉ်တန်းကို သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအနီးတွင် KNLA ပူးပေါင်းအဖွဲ့က မိုင်း ၃ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့သလို M79 ဗုံးပစ်လောင်ချာဖြင့် ၈ ကြိမ် ပစ်ခတ်တိုက်ခိုက်ရာ ကား ၄ စီးကို ထိမှန်သွားပြီး စစ်သား ထိခိုက်သေဆုံးမှုများ ရှိကြောင်း၊ ည ၁၀ နာရီဝန်းကျင်တွင် လူနာတင်ကား ၅ စီးဖြင့် သေဆုံး ဒဏ်ရာရ စစ်သားများကို သယ်ဆောင်သွားကြောင်း PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဓါတ်ပုံ – အကြမ်းဖက်စစ်တပ်၏ ယာဉ်တစ်စီး (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article