ရန်ကုန်၊ စက်တင်ဘာ ၂၇
မကွေးတိုင်း ပေါက်မြို့နယ် သရက်ကန်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း We Love Myaing အဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်မှ စတင်ကာ ဝင်ရောက် စီးနင်း မီးရှို့နေခြင်း ဖြစ်ပြီး ကျေးရွာအတွင်း ပျက်စီး ဆုံးရှုံးမှု အခြေအနေနှင့် ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
” ပျက်စီးဆုံးရှုံးမှု အခြေအနေနဲ့ ပြည်သူတွေ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးဘူး ခွေးတွေက ရွာထဲမှာ ရှိနေတော့ ကပ်မရသေးဘူး” ဟု We Love Myaing အဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အလားတူ မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် မီးရှို့ဖျက်ဆီး လျက်ရှိပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မုံရွာ_အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။