ရန်ကုန်၊ စက်တင်ဘာ ၂၉
ကရင်အမျိုးသားအစည်းအရုံး KNU ၏ ကော်သူးလေအုပ်ချုပ်နယ်မြေ တပ်မဟာ ၅၊ ဖာပွန်ခရိုင်အတွင်း၌ နယ်မြေကျူးကျော်လာသော စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့များကြား နေ့စဉ် တိုက်ပွဲများဖြစ်ပွားနေပြီး စက်တင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အတွင်း စစ်သား ၈ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။
စက်တင်ဘာလ ၂၆ ရက် တွင် ဖာပွန်-ကမမောင်းလမ်းပိုင်း၌ စစ်ကောင်စီစစ်ကြောင်းကို KNLA က နှစ်ကြိမ်တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။
စက်တင်ဘာလ ၂၇ ရက် နံနက် ၈ နာရီတွင် လူသောမြို့နယ်တွင် စစ်တပ်နှင့် KNLA ကြား နှစ်ကြိမ် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးကြောင်း KNU တပ်မဟာ ၅ က ထုတ်ပြန်သည်။
အလားတူ စက်တင်ဘာလ ၂၈ ရက် ယမန်နေ့ နံနက်တွင် ဘူးသိုမြို့နယ်အတွင်းရှိ ခေါပုပ် စစ်တပ်စခန်းကို KNLA က တစ်ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ မွန်းလွဲပိုင်းတွင် မဲဝိုင်စစ်တပ်စခန်းကို တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်းနှင့် တိုက်ခိုက်မှု နှစ်ခုတွင် စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကြောင်း သိရှိရသည်။
၃ ရက်အတွင်း တိုက်ပွဲများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ ထိခိုက်မှု မရှိကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။
ဓါတ်ပုံ – KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များ (ပုံအဟောင်း ဖြစ်ပါသည်)