23 C
Yangon

NLD အစိုးရကို လမ်းပေါ်တိုက်ပွဲ၊ အဓိကရုဏ်းတွေနဲ့ ဖြုတ်ချဖို့ ကြံစည်ခဲ့တဲ့ မင်းအောင်လှိုင် သစ္စာခံ ခင်ရီ ကြံ့ဖွတ်ခေါင်းဆောင် ဖြစ်လာမှုရဲ့ အန္တရာယ်

Must read

By ဟိဏ်းဝေယံ

ဗိုလ်ချုပ်ဟောင်း၊ ရဲချုပ်ဟောင်း ခင်ရီနဲ့ပတ်သက်လို့ မဘသ၊ အမျိုးသားရေးသမားတွေနဲ့ ဘယ်လို ဆက်စပ်မှုတွေရှိလဲဆိုတာ မကြာ ခဏ ဆိုသလို ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ခင်ရီဟာ မင်းအောင်လှိုင်ရဲ့ ဩဇာခံ သစ္စာခံယူသူ စစ်စစ်ဖြစ်တယ်ဆိုတာ ကိုလည်း ရှင်းပြခဲ့ပြီးပါပြီ။ မင်းအောင်လှိုင်နဲ့ ခင်ရီအကြားမှာ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဘယ်လို တည်ဆောက်ခဲ့လဲ ဆိုတာကို ရှင်းပြပေးပါ့မယ်။

စက်တင်ဘာလလယ်မှာ ခင်ရီဟာ ကြံ့ဖွတ်ပါတီရဲ့ ယာယီဥက္ကဋ္ဌ ဖြစ်လာပြီး မကြာခင် ကျင်းပတော့မယ် အောက် တိုဘာ ကြံ့ဖွတ်ညီလာခံမှာ တရားဝင် ဥက္ကဋ္ဌ အဖြစ် အတည်ပြုဖို့ ရာခိုင်နှုန်းအပြည့်သေချာနေပြီဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဦးသိန်းစိန်အစိုးရ မဲရှုံးလို့ အာဏာလက်လွှတ်လိုက်ရတဲ့ အချိန်ကစပြီး ခင်ရီဟာ NLD အစိုးရ ဖြုတ်ချရေး၊ စစ်တပ် အာဏာပြန်ယူရေး လမ်းကြောင်းကို အဓိက ဦးတည်ခဲ့တဲ့ လက်မရွံ့ လူမိုက်လူရမ်းကား ဖြစ်ပါတယ်။

သမ္မတရုံး ဝန်ကြီးဟောင်း ရေတပ်ဗိုလ်ချုပ်ဟောင်း ဦးစိုးသိန်းက ပြောဆိုမှုတွေ၊ စာတမ်းတွေ၊ အကြံဉာဏ်ပေးမှုတွေနဲ့ ပညာရှိရှိဆန်ဆန် စစ်တပ်အာဏာသိမ်းရေး တိုက်တွန်းနေချိန်မှာ မြေပြင်မှာ အဓိက အလုပ်လုပ်ပြီး မဘသနဲ့ အမျိုး သားရေးတွေကို စုစည်းသူကတော့ ခင်ရီပါ။ တစ်နည်းအားဖြင့် လမ်းပေါ်တိုက်ပွဲတွေ၊ ပဋိပက္ခတွေနဲ့ NLD အစိုးရကို တစ်ချိန်လုံး ဖြုတ်ချဖို့ ကြံစည်ခဲ့တာဖြစ်ပါတယ်။

ခင်ရီဟာ စစ်တပ်ထောက်ခံပွဲတွေကို ဦးဆောင်ခဲ့သူဖြစ်ပြီး မင်းအောင်လှိုင်နဲ့ ခင်ရီတို့က မဘသ၊ အမျိုးသားရေး သမားတွေနဲ့ ထိတွေ့ဆက်ဆံဖို့ စစ်ဘက်အရာရှိတစ်ဦးကို ခန့်ထားခဲ့ပါတယ်။ သူကတော့ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိ ဗိုလ်ကြီး သန့်ဇင်ကျော်ဖြစ်ပါတယ်။ ဗိုလ်ကြီးသန့်ဇင်ကျော်ဟာ ခင်ရီနဲ့ မင်းအောင်လှိုင်ဆီကို တိုက်ရိုက် ဖုန်း ခေါ်နိုင်သူလည်းဖြစ်ပါတယ်။

ခင်ရီပထမဆုံး လုပ်လာတာက အမျိုးသားရေးနဲ့ စစ်တပ်ထောက်ခံပွဲတွေပဲ ဖြစ်ပါတယ်။ အဲဒီစစ်တပ်ထောက်ခံပွဲတွေအတွက် ကြံ့ဖွတ်ခင်ရီက အဓိက ပိုက်ဆံစိုက် ထုတ်ပေးပြီး သူရဲ့ တပည့် ဖြစ်သူ စရဖ ပြည်သူ့ဆက်ဆံရေး အရာရှိ ဗိုလ်ကြီး သန့်ဇင်ကျော် ကနေတဆင့် မဘသ အမည်ခံ အမျိုးသားရေး အစွန်းရောက်များထံ ချဥ်းကပ်စေပြီး တပ်ထောက်ခံပွဲ များစွာကို ပြုလုပ်ခိုင်းစေခဲ့ပါတယ်။

စစ်တပ်ထောက်ခံပွဲတွေမှာ တာဝန်ခံ၊ နာမည်ခံပြီး ပွဲမိန့် လျှောက်ထားပေးသူတွေက ငွေကြေးရရှိပါတယ်။ ထောက် ခံပွဲ အသေးဆိုလျှင် ငွေကျပ် ၅သိန်း ၊ ပွဲအကြီးရင်တော့ ငွေကျပ် ၁၀ သိန်းနှင့် အထက် ပွဲခွင့်ပြုမိန့် လျှောက်ထားသူတွေက ရရှိပါတယ်။

စစ်တပ်ထောက်ခံပွဲ၊ အမျိုးသားရေးပွဲတွေမှာ လာရောက်ဟောပြောသူတွေအတွက် နယ်ဝေးမှလာသူဆိုရင် နေထိုင်စားသောက်စရိတ် အပြင် ပွဲအသေးဟောပြောခ ငွေကျပ် ၅ သိန်း၊ ပွဲအကြီးဆိုရင် ဟောပြောခ ၁၀ သိန်းရရှိကြပါတယ်။

ထူးထူး ခြားခြားနဲ့ အားလုံး ထင်သာမြင်သာ ရှိတဲ့ ပွဲကို ပြောပါဆိုရင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ ရန်ကုန်တိုင်း မိုင်ဒါကွင်းမှာ မှာ ပြုလုပ်ခဲ့တဲ့ စစ်တပ်ထောက်ခံပွဲဖြစ်ပြီး အဲဒီပွဲအတွက် အစည်းအဝေးတွေအဆင့်ဆင့်ခေါ်ယူခဲ့ကြပါတယ်။ အစည်းအဝေးတွေမှာလည်း ခင်ရီရဲ့ ညွှန်ကြားချက်ကို အဓိကမူတည် အလုပ်လုပ်ခဲ့ပါတယ်။

ငွေကြေးအနေနဲ့ သိန်း ထောင်ကျော် အသုံးပြုခဲ့ပါတယ် ။ လူအင်အားအနေဖြင့် ရန်ကုန်တိုင်းအတွင်း မှ မဘသ အစွန်း ရောက်များသာမက ပဲခူး နေပြည်တော် ကရင်ပြည်နယ် နှင့် ဧရာဝတီတိုင်းမှ မဘသများကိုပါ လမ်းစရိတ် ငွေကြေး အကုန်ကျခံခေါ်ဆောင် အင်အားဖြည့်ခဲ့ပါတယ်။

အဲဒီပွဲအတွက် ရန်ကုန်တိုင်းတာဝန်ခံများအဖြစ် မြောက်ဥက္ကလာပ တောင်ဥက္ကလာ မြောက်ပိုင်းခရိုင် တာဝန်ခံအဖြစ်
အမျိုးသားရေးအစွန်းရောက် အဖွဲ့ MNO မှ တင့်လွင် ကို တာဝန်ပေးခြင်း၊ တောင်ဒဂုံ မြောက်ဒဂုံ နှင့် ဆိပ်ကမ်းမြို့နယ်များအတွက် ဝင်းကိုကိုလတ်(ဆွေစောင်း) ကိုတာဝန်ပေးခြင်း၊ သာကေတ၊ သန်လျင် အတွက် အမျိုးသားရေးအစွန်းရောက် သာကေတဇိုးအမည်ခံ လင်းလင်း ခေါ် တင်လင်းထိုက် နှင့်သူ၏ တပည့် အကြီးကောင် ခေါ် တင်ဌေးအောင် တို့ကို တာဝန် အသီးသီး ပေးအပ်ခဲ့ပြီး တစ်နိုင်ငံလုံး မဘသနဲ့အမျိုးသားရေး အစွန်းရောက်တွေကို ခေါ်ယူခဲ့တာပါ။

ရန်ကုန်တိုင်းလူအင်အားအတွက် ငွေသိန်း ၇၅၀ ထုတ်ပေးခဲ့ပြီး အဲဒီငွေတွေကို နဝဒေး ရုပ်ရှင်ရုံ ဘေးလမ်းကြားအတွင်းမှ ဝင်ရသော ထောက်လှမ်းရေးစစ်ရုံး ​ရှေ့ရှိ လက်ဖက်ရည်ဆိုင်မှာ လင်းလင်း ခေါ် တင်လင်းထိုက်က ဗိုလ်ကြီးသန့်ဇင်ကျော်ဆီက သွားထုတ်ယူခဲ့ရတာပါ။ ငွေကျပ် သိန်း ၇၅၀ ကို သယ်စရာ အိတ်မပါလို့ ပုဆိုးနဲ့ ထုပ်ပြီး သယ်ခဲ့ကြရပါသေးတယ်။

အဲဒီပွဲ မှာ အားလုံးသိရှိကြတဲ့အတိုင်း အေးနေဝင်း ကိုယ်တိုင် စင်ပေါ်တက်လာပြီး တပ်ထောက်ခံပွဲ တက်လာခဲ့ပါတယ်။ အဲဒီပွဲ ပြီးတဲ့နောက်ပိုင်း မိုင်ဒါကွင်းအတွင်း ကျည်ဆန်တွေ တွေ့တယ်ဆိုတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ဒီပွဲ အတွက် ဒီလို ငွေကြေးများစွာအသုံးချ ၊ပွဲလာသူတိုင်းကို ရေသန့်ဘူးကစလို့ ဒံပေါက် ကျွေးမွေးဖို့ထိ အကုန်ကျခံနိုင်တဲ့ ဘတ်ဂျက်ချပေးမယ့် ပွဲလာသူတွေအများစု ဒံပေါက်လည်းမစားရ၊ ရေတောင် လောက်လောက်ငှငှ မသောက်ရတဲ့ ချပေးတဲ့ ငွေကြေးကို အလွဲသုံးစားလုပ်တဲ့ ဖြစ်ရပ်တွေပါ ဖြစ်ခဲ့ပါတယ်။

ခင်ရီက ချထားပေးလိုက်တဲ့ ဒီငွေကြေးတွေကို အမျိုးသား ရေးအစွန်းရောက် မဘသ ဘုန်းကြီး သုစိတ္တ၊ MNO တင့်လွင်၊ ဝင်းကိုကိုလတ်၊ ဒံပေါက်တာဝန်ခံ လမ်းမတော်မုတ်ဆိတ် ခေါ် ထွန်းထွန်းဦး၊ လင်းလင်း ခေါ် တင်လင်းထိုက်တို့ က အဖြစ်လောက်သာ လုပ်ပြပြီး ဖြတ်စား၊ ဝေငှစားလုပ်ခဲ့ကြပါတယ်။

အဲဒီပွဲအပြီး MNO တင့်လွင်က သူရဲ့ ၁၀ ပေ အိမ်လေးကို တိုက်အဖြစ် ပြောင်းဆောက်နိုင်ခဲ့သလို လင်းလင်း ခေါ် တင်လင်းထိုက်က လည်း ရပ်ကွက်အတွင်း သူ့အိမ်နှင့် မျက်နာချင်းဆိုင် တိုက်အိမ်ကို ဝယ်ယူနိုင်ခဲ့ပါတယ်။ အဲဒီလို ငွေကြေး မသမာမှုတွေကြောင့် မစားလိုက် မသောက်လိုက်ရတဲ့ အမျိုးသားရေးသမားတွေ ယမ်းပုံမီးကျ ဒေါသကြီးစွာနဲ့ အကွဲအပြဲတွေ ဖြစ်ပေါ်ခဲ့ကြပါတယ်။

ပွဲအတွက် ၅၀၀၀ စားတွေ အပြင် မဘသ၊ အမျိုးသားရေး အစွန်းရောက်များသာမက ခိုးဆိုးလုနှိုက် စာရင်းဝင်များကိုပါ ရာဇဝတ်သားတွေကို ငွေပေး ခေါ်ယူကာ ဆန္ဒ ပြပွဲမှာ လုံခြုံရေးထားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က လာရောက်တားဆီးမယ်ဆိုရင် ပြန်လည် တိုက်ခိုက်ဖို့အတွက် ခင်ရီက အသေအချာစီစဥ်ခိုင်းခဲ့ပါတယ်။

ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြပြည်သူတွေ ပဋိပက္ခ ဖြစ်ကြရာ ရဲတပ်ဖွဲ့က ထိန်းမနိုင်လို့ စစ်တပ်က ကြားဝင် ထိန်းသိမ်းရတယ်။ NLD အစိုးရ ရဲ့ ညံ့ဖျင်းမှုကြောင့် ဒီလိုပြဿနာတွေ ဖြစ်ပေါ်ရပါတယ်ဆိုပြီး ပုံရိပ်ဖျက်ဖို့ ပါ။

တစ်နည်းအားဖြင့် လမ်းပေါ်တိုက်ပွဲတွေကတစ်ဆင့် ပဋိပက္ခတွေဖန်တီးပြီး စစ်တပ်အာဏာသိမ်းဖို့ ခင်ရီက ဦးဆောင်ကြိုးပမ်းခဲ့ပါတယ်။ ခင်ရီ အဲဒီလို ကြိုးပမ်းဖို့လည်း အဓိက စီစဉ်ညွှန်ကြားခဲ့သူက မင်းအောင်လှိုင်ပါပဲ။ ဒါပေမယ့် သူတို့ထင်သလို ပဋိပက္ခတွေက ဖြစ်မလာခဲ့ပါဘူး။ အဲဒီအချိန်က NLD အစိုးရက သဘောထားပျော့ပျောင်းစွာပဲ ပဋိပက္ခ ဖြစ်နိုင်တဲ့ လမ်းကြောင်းတွေ ရှောင်ရှားခဲ့ကြတာ အားလုံး မှတ်မိကြလိမ့်မယ်လို့ထင်ပါတယ်။

ခင်ရီဟာ သူလိုချင်တာ သူဖြစ်ချင်တာ ရဖို့ အကြမ်းနည်းကို သုံးတတ်တဲ့ အာဏာ ပါးကွက်သား ဖြစ်ပါတယ်။ အခုဆိုရင် မင်းအောင်လှိုင်ရဲ့စီစဉ်မှုနဲ့ ခင်ရီဟာ ကြံ့ဖွတ်ခေါင်းဆောင်ဖြစ်လာပါပြီ။ တချို့သတင်းရပ်ကွက်တွေက ခင်ရီကို သမ္မတအဖြစ်တောင် မင်းအောင်လှိုင်က နေရာပေးလိမ့်မယ်လို့ ခန့်မှန်းနေတာတွေရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခင်ရီဟာ မင်းအောင်လှိုင်ရဲ့ ရုပ်သေးရုပ်ဖြစ်ပြီး ပင်ကိုဗီဇ စရိုက်ခပ်ကြမ်းကြမ်းဖြစ်တာမို့ ကြံ့ဖွတ်ပါတီ ခေါင်းဆောင်ဖြစ်လာရင် လက်ရှိ မဘသ၊ အမျိုးသားရေးနဲ့ ဘာသာခြား မုန်းတီးရေး လှုံ့ဆော်မှုတွေနဲ့ လှုပ်ရှားမှု တွေဟာ အရှိန်မြင့်တက်လာနိုင်ပြီး အန္တရာယ်ကြီးတဲ့ ဘာသာရေးအစွန်းရောက်တွေ အလွန်ကြီးစိုးလာမယ့် အန္တရာယ် ရှိနေပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article