ရန်ကုန်၊ အောက်တိုဘာ ၄
မန္တလေးတိုင်းတောင်သာမြို့နယ်မှ NLD ပါတီဝင် ဦးထွန်းဇော်နှင့် နွားထိုးကြီးမြို့နယ်မှ အပြစ်မဲ့ ပြည်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး အ လောင်းများတွင် သွေးသောက်အဖွဲ့ တံဆိပ်များ ကပ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
တောင်သာမြို့နယ်၊ အမှတ် ၆ ရပ်ကွက်တွင် နေထိုင်သူ NLD ပါတီဝင် ဦးထွန်းဇော်ကို ယမန်နေ့ညပိုင်းတွင် စစ်တပ်က အိမ်သို့ လာရောက် စစ်ကားဖြင့် ဖမ်းဆီးသွားကြောင်း၊ ယနေ့တွင်မူ ဦးထွန်းဇော်၏ အလောင်းကို စွန့်ပစ်သွားကြောင်း ဒေသခံများက ပြောသည်။
“မနေ့က ဦးထွန်းဇော်ကို ဝင်ဖမ်းတာ စစ်ကားတွေနဲ့ဖမ်းတာပါ။ အလောင်းပြန်တွေ့တော့ လည်ပင်းမှာ ကျောက်ပန်းတောင်း သွေးသောက်အဖွဲ့ကဒ်ပြားကို ချိတ်ဆွဲထားတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
အလားတူပင် နွားထိုးကြီးမြို့နယ်မှ ဦးသိန်းလွင် (၄၇နှစ်) ၊ ဦးကျော်ဆန်း (၅၅နှစ်)၊ ကိုလှစိုး (၅၆နှစ်) ၊ ကိုဇင်မင်း (၃၈နှစ်) နှင့် ကိုကျော်မင်း( ၄၂နှစ်) တို့ကို စစ်တပ်က ယမန်နေ့ ပေါ်ပေါ်တင်တင် စစ်ကားများဖြင့် ဖမ်းဆီးသွားပြီး သတ်ဖြတ်ကာ ယနေ့ နံနက်ပိုင်းတွင် ရုပ်အလောင်းများကို မြို့ပြင်တွင် စွန့်ပစ်ထားကြောင်း သိရှိရသည်။
“မနေ့ည ၁၁နာရီခွဲလောက်က နွားထိုးကြီးမြို့မှာ မြို့ပေါ်နေသူ ၂ ဦးကို မင်းအောင်လှိုင်တပ်က စစ်ကား၅စီးနဲ့ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ နောက်ပြီး ထန်းဂွရွာက လူ၃ဦးကိုလည်း ဖမ်းသွားပါတယ်။ သူတို့ ၅ ဦးကို စစ်ကားတွေနဲ့ ဖမ်းတာလည်း မျက်မြင်သက်သေတွေအားလုံးရှိတယ်။ မိသားစုတွေကလည်း စစ်တပ်က ဖမ်းတယ်ဆိုတာ အတည်ပြုပါတယ်။ ဒီနေ့ မနက်လည်းလင်းရော…ထန်းဂွလမ်းဆုံမှာ မနေ့ညက စစ်တပ်က ဖမ်းသွားတဲ့ လူ ၅ ယောက်လုံး လည်ပင်းဒါဏ်ရာတွေနဲ့သေဆုံးနေပါတယ်။ လည်ပင်းမှာ သွေးသောက်စာတမ်းပါ လည်ဆွဲတွေ ချိတ်ခဲ့ပါတယ်။ အဲဒီ ၅ ဦးလုံးက နိုင်ငံရေးလည်းမလုပ်ဘူး။ NLD ပါတီဝင်လည်းမဟုတ်ဘူး။ သွေးသောက်အဖွဲ့ဆိုတာ သီးခြားမရှိဘဲနဲ့ စစ် တပ်က ဂွင်ဆင်လုပ်နေတာပါ။ အခု ပြည်သူ့ဘဝဟာ လုံးဝမလုံခြုံတော့ပါဘူး”ဟုနွားထိုးကြီး ဒေသခံများက ဆိုကြသည်။
ထိုသို့ စစ်တပ်က ဖမ်းဆီး သတ်ဖြတ်သွားသဖြင့် အလောင်းများကို ကျန်ရစ်သူ မိသားစုက ကောက်ယူ နာရေး လုပ်ရန် ထက် ထပ်မံ၍ အသက်ရန်ရှာခံရမည်စိုးရိမ်၍ တချို့မှာ နေအိမ်များမှ ထွက်ပြေးသွားကြကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂ ရက်နေ့တွင်လည်း မန္တလေးတိုင်း ညောင်ဦးခရိုင်တွင် NLD အမာခံပါတီဝင် အမျိုးသား ၃ ဦး ကို စစ်တပ်က ဖမ်းဆီးသတ် ဖြတ်ပြီး အမျိုး သမီး ၁ ဦးကိုမူ မုဒိမ်းကျင့် သတ်ဖြတ်သွားကြောင်း ဒေသခံများနှင့်ဆွေမျိုးများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။
ရန်ကုန်တိုင်း၊ တောင်ဒဂုံ ၅၃ ရပ်ကွက်တွင် စက်တင်ဘာလ၂၉ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် ကျောင်းသားခေါင်း ဆောင်တစ်ဦး၏ မိဘမျာဖြစ်ကြသည့် ဦးစန်းမင်းနှင့် ဒေါ်သီသီစိုးတို့ကို မိုက်ကယ်ကျော်မြင့်၊ သီဟမျိုးနိုင်တို့ ဦးဆောင်သော မဘသ ၊ သွေးသောက်အဖွဲ့က သတ်ဖြတ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။