21.3 C
Yangon

ချင်း၊ စစ်ကိုင်း၊ တနင်္သာရီနှင့် မွန်တို့တွင် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး ၄ ဦးထက်မနည်း သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၅

ချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီနှင့် မွန်ပြည်နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ပစ်ခတ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

မင်းတပ်တွင် စစ်တပ် ဂိတ်စခန်း ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ

ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ခလရ ၂၇၄ (၃) မိုင် ဂိတ်စခန်းကို CDF-MINDATမှ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် CDF-MINDATမှ အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အကျအဆုံး နိုင်ကြောင်း၊ အကြမ်းဖက် စစ်တပ် ဘက်မှလည်း ပြည်သူများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီး အချက် ၂၀ ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်း ပစ်ခတ်မှုကြောင့် မင်းတပ်မြို့ ၆ မိုင် တက္ကသိုလ် သွားရာ လမ်းအနီးသို့ ကျရောက်ခဲ့ပြီး နေအိမ် ၁ လုံးပျက်စီး ထိခိုက်ခဲ့ကြောင်း Yoma Battalion CDF-MINDATမှ ထုတ်ပြန်ထားသည်။

တနင်္သာရီ၊ ပဝတ်ကုန်းရွာရှိ စစ်တပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေဆုံး

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် ပဝတ်ကုန်းရွာရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးဂိတ်စခန်း အောက်တိုဘာလ ၄ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဂိတ်စခန်းကို အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် တောကြီး မြွေဟောက်တပ်အဖွဲ့ King Cobra ရဲဘော်များမှ ၄၀ မမ လက်နက်ကြီး ၁ လုံးနှင့် စတင် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားကာ စစ်သား ၄ ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကင်မွန်းချောင်းရဲစခန်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံရ

မွန်ပြည်နယ် ကျိုက်ထိုမြို့ ကျိုက်ထီးရိုး ဘုရားတောင်ခြေ ကင်မွန်းစခန်း ကျေးရွာရှိ အကြမ်းဖက် စစ်တပ် ရဲစခန်းကို အောက်တိုဘာလ ၅ ရက်နေ့တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲနှင့် စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း Kyaikhto Revolution and Information Network ထံမှ သိရသည်။

စစ်ကိုင်မြို့ပေါ်ရှိ လဝက ရုံး မိုင်းခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ပါရမီရပ်ကွက်ရှိ လဝက ရုံးကို အောက်တိုဘာလ ၄ ရက်နေ့တွင် PDRF တပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လဝက ရုံးကို The People’s Dictatorship Revolutionary Force – PDRF တပ်ဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး ရုံးစောင့် စစ်သား ၂ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လဝက ဝန်ထမ်း တချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article