ရန်ကုန်၊ အောက်တိုဘာ ၇
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေ တောင်နီကျေးရွာအနီးရှိ စစ်တပ်လုံခြုံရေး ကင်းကို ကော်ဘရာစစ်ကြောင်းနှင့်ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ ပြည်သူလူထုထံမှ လုယက်ထားသော ရွှေထည်နှင့်ပစ္စည်းများ တွေ့ရှိရကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ကရင့်အမျိုးသား အစည်းအရုံး၊ တပ်မဟာ(၆) နယ်မြေ၊ တောင်နီကျေးရွာအနီးရှိ ခမရ ၁၀၄ ၏ ကာကင်း ကို KNLA ကော်ဘရာပူးပေါင်းစစ်ကြောင်းနှင့် တပ်မဟာ စစ်ကြောင်း က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဆုတ် ခွာထွက်ပြေးသွားကြရာ ခြင်းကျားတစ်လုံးနှင့် အသုံးအဆောင်ပစ္စည်းများ ကျန်ရှိခဲ့ကြောင်း သိရှိရသည်။
ထွက်ပြေးသွားသော အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ကျန်ရစ်ခဲ့သော ခြင်းကျားကို စစ်ဆေးကြည့်ရာ ခြင်းကျားအတွင်းမှ သိမ်း ဆည်းရမိသော ပစ္စည်းများမှာ RPG ကျည် တစ်တောင့်နှင့် ၄င်းယမ်းတောင့် တစ်တောင့်၊ စားအိုး စားခွက်များ၊ ဖုန်းတစ်လုံး၊ အချိုရည်များ၊ အသုံးအဆောင် ပစ္စည်းများ၊ ကျေးရွာ အတွင်းရှိ ပြည်သူလူထု ထံမှ ခိုးယူ၊ လုယက်ထားသော ခိုးရာပါ ပစ္စည်းများ တွေ့ရှိရကြောင်း ကော်ဘရာက သတင်းထုတ်ပြန်သည်။
သိမ်းဆည်းရမိသော အကြမ်းဖက်စစ်ကောင်စီ တပ်သားဖုန်းထံမှ ၎င်း၏ ဓါတ်ပုံအား တွေ့ရှိရကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် ကျေးရွာများအတွင်းရှိ ဒေသခံပြည်သူလူထု၏ အိုးအိမ်၊စည်းစိမ်များကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖောက်ထွင်းခိုးယူ၊ လုယက်ထားကြောင်း စီစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် ယနေ့ သိမ်းဆည်းရမိသော ပစ္စည်းများအား ဒေသခံပြည်သူလူထုအနေဖြင့် မိမိပိုင် ဖြစ်ကြောင်း အထောက်အထားနှင့်တကွ တင်ပြနိုင်ပါက ကော်ဘရာစစ်ကြောင်းထံ လာရောက် ထုတ်ယူနိုင်ပါကြောင်း ထုတ်ပြန် ကြေညာအပ်သည်။
အကြမ်းဖက် စစ်ကောင်စီ၏ ခမရ (၁၀၄) အခြေပြုထားသော တောင်နီကျေးရွာ အနီးရှိ တောင်ကုန်းကို ယနေ့ နေ့လည်ပိုင်းတွင် ပူးပေါင်း တပ်ဖွဲ့များ၏ လက် ဖြောင့် စနိုက်ဘာ စစ်သည်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ (၃) ဦး သေဆုံးကြောင်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရှိရသည်။