ရန်ကုန်၊ အောက်တိုဘာ ၉
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် ဗန်းမောက်မြို့မရဲစခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့ကြောင်း ဒေသ PDF သတင်းရင်းမြစ် Banmauk Revolution – BRထံမှ သိရှိရသည်။
အောက်တိုဘာလ ၄ ရက်နေ့တွင် ဗန်းမောက်မြို့နယ်ရှိ မြို့မရဲစခန်းကို PDF နှင့် KIA ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ပြီးနောက် ဆက်တိုက် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ အထိနာနေသဖြင့် တိုက်လေယာဉ်များ အသုံးပြု ပစ်ခတ်ခဲ့ဖြစ်ကြောင်း၊ ဒေသခံ ထောင်ချီ၍ ထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်များ မီးလောင်ခြင်း၊ ကျေးရွာများ ပျက်စီးမှုများ များပြားခဲ့ကြောင်း၊ ယင်းနောက် ဗန်းမောက်မြို့နယ် ရဲစခန်းကို တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးသည်ဟု သိရှိရသည်။
KIA နှင့် PDF ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ရဲ ၁၁ ဦးသေဆုံးခဲ့ရာတွင် ရဲစခန်းပြင်ပတွင် ထွက်၍ မသဂြိုလ်နိုင်ဘဲ တိုးတိုးတိတ်တိတ် စခန်းအတွင်းတွင်ပင် သဂြိုလ်သည်ဟု သိရှိရကြောင်း Banmauk Revolution – BRက ဆိုသည်။
“သေတာတောင် တိုးတိုးတိတ်တိတ်ပဲ သေခွင့်ရတော့သည့် စစ်ကောင်စီ နောက်လိုက်ခွေးများ။ အောက်တိုဘာ ၄ ရက်နေ့ ဗန်းမောက်ရဲစခန်းကို မိမိတို့ KIA+PDF များမှ သွေးပူလေ့ကျင့်ခန်း သွားရောက်ပစ်ခတ်ခဲ့သော ဖြစ်စဉ်တွင် နောက်လိုက်ခွေးများ ၁၁ ကောင်ဂိန်သွားကြောင်း၊ ဖြစ်စဉ်ကို စကစက အသည်းအသန်ဖုံးဖိထားပြီး သေဆုံးအလောင်းများကိုလည်း ရဲစခန်းထဲတွင်သာ မြုပ်နှံလိုက်ကြောင်း၊ ဆွမ်းသွပ်တရားကို မြို့မကျောင်းတိုက်မှ ဆရာတော်ကိုပင့်ဖိတ်ပြီး တရားနာလိုက်ကြောင်း”ဟု Banmauk Revolution – BRက ထုတ်ပြန်ထားသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ရန်ကုန်တွင်ရောက်ရှိနေသော ဗန်းမောက်မြို့ခံတစ်ဦးကို ဆက်သွယ်မေးမြန်းရာ ဗန်းမောက်ရဲစခန်း တိုက်ခိုက်ခံရမှုတွင် ရဲများ သေဆုံးမှုရှိသည်ဆိုသော သတင်းများရရှိထားကြောင်း၊ ဗန်းမောက်မြို့ပေါ်တွင် ဖုန်းလိုင်းများအားလုံး ဖြတ်တောက်ခံထားရပြီး မြို့တစ်ခုလုံးကို စစ်တပ်က လုံခြုံရေး အများအပြားဖြင့် ပိတ်ဆို့ထားကြောင်း သိရှိရသည်။
“ဗန်းမောက်မြို့ပေါ်တောင် စစ်တပ်က မလွှမ်းမိုးနိုင်ဘူး။ သူတို့လည်း ရသလောက် ပိတ်ဆို့ထားတယ်။ မြို့ပေါ်မှာကတော့ မြို့ပျက်ကြီးလိုဖြစ်နေတယ်။ ဖုန်းလိုင်းလည်း မရတစ်ချက် ရတစ်ချက်ပဲ။ မရတာက များတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
KIA နှင့် PDF တပ်ဖွဲ့များက ဗန်းမောက်မြို့ပေါ် ထွေ/အုပ်ရုံးကို ဧပြီလ ၁၂ ရက်နေ့တွင် ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ဗန်းမောက် မြို့နယ် စီမံအုပ်ချုပ်ရေးကောင် စီဝင် ဗိုလ်မှူးကျော်မင်းဟန်သေဆုံးခဲ့ချိန်မှစတင်ကြောင်း၊ ထိုအချိန်မှစတင်၍ စစ်တပ်က ဗန်းမောက်မြို့ကို ဖုန်းလိုင်းဖြတ်တောက်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေး များ ဖြတ်တောက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ မြို့ခံများကို အိမ်ထဲမြို့ပြင်ထွက်ခွင့်မပေးမှုများရှိခဲ့ပြီး လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် မြို့ပေါ်မှ ပြည်သူတချို့ လမ်းပေါ်တွင်ပင် လဲကျသေဆုံးခဲ့ကြောင်း၊ အချိန်အတော်ကြာ အလောင်းကောက်ခွင့်မပေးဘဲ ထားရှိခဲ့ကြောင်း၊ ဧပြီလမှစတင်၍ ဗန်းမောက်မြို့အခြေအနေဆိုးရွားခဲ့ကြောင်း၊ မြို့ခံ ပြည်သူများမှာ စိုးရိမ်စိတ်များဖြင့် နေထိုင်ခဲ့ရကြောင်း ဒေသခံများက ဆိုကြသည်။
ဓာတ်ပုံ- ရဲသင်တန်းကျောင်းမှ အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်များ။