31 C
Yangon

စစ်တပ်က ကလေး ၃၀၀ ကို သတ်ဖြတ်ခဲ့ပြီး ၃ နှစ် ၃ လ အရွယ် ကလေးကိုပါ မိသားစုနှင့်အတူ ထောင် ၃ နှစ်ချမှတ်ခဲ့ခြင်းအပေါ် နိုင်ငံတကာ နှုတ်ဆိတ်နေမှု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင် မေးခွန်း ထုတ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

မင်းအောင်လှိုင် ခေါင်းဆောင်သော မြန်မာ အကြမ်းဖက်စစ်တပ်က ကလေး ၃၀၀ ကို သတ်ဖြတ်ခဲ့ပြီး လက်ယက်ကုန်းစာသင်ကျောင်းကို ရဟတ်ယာဉ်ဖြင့် ဗုံးကျဲခြင်း၊ ၃ နှစ် ၃ လ အရွယ် ကလေးကိုပါ မိသားစုနှင့်အတူ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့မှုကဲ့သို့သော ကလေးငယ်များကို ရာဇဝတ်သားကဲ့သို့ ဆက်ဆံမှုများ ကျူးလွန်နေကြောင်း ကုလသမဂ္ဂသို့ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ အမေရိကန်၊ နယူးယောက်မြို့တွင် ကျင်းပသော (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီအစည်း အဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း တင်ပြ ပြော ဆိုလိုက်ခြင်းဖြစ်ပြီး ကလေးသူငယ်များအခွင့်အရေးနှင့် စပ်လျဉ်း၍ ကလေး သူငယ်များ၏ အသက်နှင့်အခွင့်အရေးများကို ကာကွယ်ပေးသည့်ဆောင်ရွက်ချက်များအပါအဝင် မြန်ဆန်ပြတ်သားသည့် ဆောင်ရွက်ချက်များ နိုင်ငံတကာအသိုက်အဝန်းက ထိရောက်စွာပြုလုပ်ရန်လိုအပ်ကြောင်း သံအမတ်ကြီးက တောင်းဆိုသည်။

မြန်မာနိုင်ငံမှ ကလေးသူငယ်များအတွက်မူ ယင်းသို့ ကာကွယ်ပေးမှုမျိုး မရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် စစ်တပ်မှ တရားမဝင်အာဏာသိမ်းရန်ကြိုးပမ်းမှု၏ နောက်ဆက်တွဲအနေဖြင့် အကြမ်းဖက်စစ်တပ်ကြောင့် ကလေးသူငယ်များ သည် အသက်အန္တရာယ်၊ လွတ်လပ်ခွင့်ကန့်သတ်ခံရခြင်းနှင့် အခွင့်အရေးများဖိနှိပ် ခံရခြင်းတို့ကို ကြုံတွေ့နေရကြောင်း၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့အထိ အရပ်သားပြည်သူ ၂၃၃၈ ဦး သည် အကြမ်းဖက် စစ်တပ်၏ ရက် စက်စွာသတ်ဖြတ်ခြင်း ခံရပြီးဖြစ်ကြောင်း၊ ယင်းတို့အနက်မှ ၉၁ ဦး သည် အသက် ၁၄ နှစ် အောက် ကလေးငယ်များဖြစ်ပြီး၊ ၂၀၉ ဦး မှာ အသက် ၁၅ နှစ် မှ ၁၉ နှစ် အကြား လူငယ်များဖြစ်ကြောင်း သံအမတ်ကြီးက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

ကလေးသူငယ်များသည် မြန်မာစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များတွင် အဓိကပစ်မှတ်ထားခံနေရ ကြောင်း၊ ဥပမာအဖြစ်ပြောရပါက ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းတွင် အသက် ၃ နှစ် ၃ လ အရွယ် ကလေးငယ်သည် ၎င်း၏ မိခင်၊ အဖွားဖြစ်သူတို့နှင့်အတူ ထောင်ဒဏ် ၃ နှစ် ချခံခဲ့ရကြောင်း၊ ယင်းသို့ ၃ နှစ် ၃ လ အရွယ် ကလေးငယ်အနေဖြင့် ရာဇဝတ်သားတစ်ဦးကဲ့သို့ ဆက်ဆံခံနေရသည့်အချိန်တွင် နိုင်ငံတကာ မည်သည့်ဆောင်ရွက်မှုမျှမရှိဘဲ ဘေးတွင်ဆိတ်ဆိတ်ထိုင်နေနိုင်ခြင်းမျိုး လုပ်နေနိုင်မည်ကို သဘာပတိနှင့် ကိုယ်စား လှယ်များကို မေးခွန်းထုတ်လိုပါကြောင်း သံအမတ်ကြီးက ပြောသည်။

စက်တင်ဘာလ ၁၆ ရက်နေ့က အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ယက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ရပ်ရွာအခြေပြု စာသင်ကျောင်းကို ဗုံးကြဲခဲ့ကြောင်း၊ ယင်းကြောင့် အပြစ်မဲ့ကျောင်းသားများစွာ ရက်ရက်စက်စက်သေဆုံး ခဲ့ရပြီး၊ ၎င်းတို့၏ အလောင်းများကိုလည်း မိဘများထံ ပြန်မပေးခဲ့ကြောင်း၊ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သော ဆရာမများနှင့် ကျောင်း သားများကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း၊ မြန်မာ စစ်တပ်အနေဖြင့် ကျောင်း ဆရာ/ ဆရာမများစွာကို ဖမ်းဆီးခြင်းနှင့် နိုင်ငံအနှံ့အပြားရှိ ကျောင်း များတွင် တပ်စွဲခြင်းများ ပြုလုပ်ကြောင်း၊ ယင်းလုပ်ရပ်များသည် ပညာသင်ကြားခွင့် အခွင့်အရေးကို ချိုးဖောက်သည့်အပြင် အစစ်အမှန်ပညာသင်ကြားမှုလမ်း ကြောင်းတွင် ကြီးမားသည့်အတားအဆီးများ ဖန်တီးဖြစ်ပေါ်စေကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ရံဖန်ရံခါထွက်ပေါ် လာတတ်သည့် အချို့မိန့်ခွန်းများ၊ ရှုတ်ချမှုများနှင့် တောင်းဆိုမှုများရှိခဲ့သော်လည်း အကြမ်းဖက်စစ်တပ် အနေဖြင့် ပြစ်မှုကင်းလွတ်ခွင့်အခွင့်အရေးကို ဆက်လက်ရရှိခံစားလျက် ရှိကြောင်း၊ အကြမ်းဖက်စစ်တပ်သည် မြန်မာနိုင်ငံအတွင်းရှိ ကလေးငယ်များအပေါ် အကြမ်းဖက်လုပ်ရပ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်လျက်ရှိကြောင်း၊ စိုးရိမ်ပူပန်ကြောင်း နှုတ်ဖြင့် ပြောကြားမှုများသည် စစ်တပ်၏ လူမဆန်သည့်လုပ်ရပ်များကို ရပ်တန့်နိုင်ခြင်းမရှိကြောင်း၊ သို့ဖြစ်၍ ကလေးသူငယ်များကို ကာကွယ်ပေးနိုင်ရေးအတွက် ပူးပေါင်းညှိနှိုင်းပြီး တိကျသည့်ဆောင်ရွက်ချက်များကို ချက်ချင်းအရေးယူဆောင်ရွက်ခြင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုခြင်းတို့အပါအဝင် ပိုမိုထင်ရှားသောခြေလှမ်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း သံအမတ်ကြီးက တောင်းဆိုသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်စစ်တပ်အပေါ် အရေးယူတုံ့ပြန်သည့် ဆောင်ရွက်ချက်များကို ပြုလုပ်ရန် နှောင့်နှေးနေသည့်အချိန်တိုင်းတွင် ကလေးသူငယ်များ၏ အသက်များနှင့် လွတ်လပ်ခွင့်များ ပေးဆပ်နေရကြောင်းကို သတိပေးလိုကြောင်း၊ သို့ဖြစ်၍ ကုလသမဂ္ဂအနေဖြင့် အထူးသဖြင့် ကလေးသူငယ်များ၏ အသက်နှင့် အခွင့်အရေးများကို ကာကွယ်ပေးသည့် ဆောင်ရွက်ချက် များအပါအဝင် မြန်ဆန်ပြတ်သားသည့် ဆောင်ရွက်ချက်များ ပြုလုပ်ရန် ထပ်မံ၍ တိုက်တွန်းကြောင်း၊ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံ တကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများကို ကာကွယ်ပေးရန် တာဝန် ယူရမည်ဖြစ်ကြောင်း၊ ယင်းသို့တာဝန်ယူရန် နောက်ကျလျက်ရှိကြောင်း ကုလ သမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြ ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article