ရန်ကုန်၊ အောက်တိုဘာ ၁၆
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့အနောက်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တန့်ဆည်PDF ပူးပေါင်းအဖွဲ့တို့အကြား အောက်တိုဘာလ ၁၆ရက်နေ့တွင် ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိ ခိုက် သေဆုံးမှုများခဲ့ကြောင်း တန့်ဆည်PDFထံမှ သိရသည်။
တန့်ဆည်-ကံထူးမကားလမ်းပေါ်ရှိ ဝရငယ်ရွာမှ အနောက်ဘက်သို့ ထွက်လာသော စစ်ကြောင်းကို မူးဘောင်တံတားအနီးတွင် ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ် ရင်း(၇)၊ တပ်ရင်း(၉)၊ တပ်ရင်း(၁၂)နှင့် မြို့နယ်ပကဖတို့က နံနက် ၇နာရီအချိန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုရှိခဲ့ကြောင်း ရှေ့တန်းရဲဘော်များထံမှ သိရသည်။
တိုက်ပွဲဖြစ်နေစဉ် ရွှေဘိုခရိုင် တပ်ရင်း(၂၆)၊ Guerrilla Warfare K.P.K၊ TSR နှင့် TRLF စသည့် ပူးပေါင်းအဖွဲ့များ ထောင်ထားသော တိုက်မိုင်း ၃လုံးမိပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း K.P.K တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောသည်။
ထို့နောက် စစ်ကြောင်းဆက်ထိုးလာသော စစ်ကောင်စီတပ် ချောင်းဦးရွာသို့ ရောက်ရှိလာချိန် နံနက်၁၁နာရီခန့်တွင် K.P.Kအဖွဲ့က ရှော့ဒုန်း၃လုံး ထု၍ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်ခဲ့ပြီး အနောက်ဘက်သို့ ဆုတ်ပြေးသွားရာ အသင့်စောင့်နေသော ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၉)၊ တပ်ရင်း(၁၂)၊ ပကဖ ပူးပေါင်းအဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများ ထိခ်ိုက်သေဆုံးမှု များပြားခဲ့ကြောင်း သိရသည်။
“စစ်ခွေး အင်အား၁၀၀ကျော်ပါတယ်၊ တိုက်ပွဲနှစ်ကြိမ်ဖြစ်တာ ဒီကောင်တွေ အထိနာသွားတယ်၊ အသေးစိတ်တော့ အတည်မပြုနိုင်သေးဘူး။ ကျနော်တို့ ပူးပေါင်းအဖွဲ့တွေဘက်က ထိခိုက်မှုမရှိဘူး။ အဖွဲ့တွေ စည်းစည်းလုံးလုံးနဲ့ အောင်ပွဲရခဲ့ပါတယ်။” ဟု ရှေ့တန်းရဲဘော်တစ်ဦးက ပြောသည်။
တန့်ဆည်မြို့နယ်၊ ရွှေတကျေး ရွာအနီးတွင် အောက်တိုဘာလ ၁၁ရက်က စစ်ကောင်စီတပ်နှင့် တန့်ဆည်PDFတို့ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ဦးခန့် ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။
ဓာတ်ပုံ- တန့်ဆည် PDF တပ်ဖွဲ့ဝင်များ။