ရန်ကုန်၊ ဧပြီ ၂၆
ကချင်ပြည်နယ်အတွင်း၊ ယမန်နေ့ ညပိုင်း မိုးသက်လေပြင်းများ ကျရောက်မှုကြောင့် မြစ်ကြီးနားမြို့ရှိ ပြည်နယ်ရဲရုံး ၊ နမ္မတီးစစ်ရှောင်စခန်းများ အပါအဝင် မြို့နယ်အသီးသီးတွင် ပျက်စီးဆုံးရှုံးမှုများပြားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဧပြီလ ၂၅ ရက်နေ့ ည ၉ နာရီကျော်ဝန်းကျင်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ မိုးကောင်းနှင့် နမ္မတီးဒေသများတွင် မိုးသက်လေပြင်းများ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်နယ်ရဲရုံး၊ စစ်ဘေးရှောင်စခန်းများ အပါအဝင် ပြည်သူ့နေအိမ်များနှင့် ရှေးဟောင်းအဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ နမ္မတီးမြို့၊ ဂျုမ်ဒွီရပ်ကွက် စက်ဝိုင်းအနီးရှိ စစ်ဘေးရှောင်စခန်းများတွင် ဧပြီ ၂၅ ရက် ည ၁၀ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် အမိုးအကာနှင့် နေရာထိုင်ခင်းများ အပြင်းအထန် ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
မိုးသက်လေပြင်း ကျရောက်မှုကြောင့် ပျက်စီးသွားသော စစ်ဘေးရှောင် စခန်းများတွင် ဖားကန့်ဒေသနှင့် နမ်ယာဒေသတို့မှ တိုက်ပွဲများကြောင့် တိမ်းရှောင်လာကြသည့် ပြည်သူအများစု ခိုလှုံနေကြခြင်းဖြစ်ပြီး ယခုအခါ နေအိမ်များ ပျက်စီးသွားသဖြင့် မိုးတွင်းကာလကို မည်သို့ဖြတ်သန်းရမည်နည်းဟူသော စိုးရိမ်မှုများ မြင့်တက်နေကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြေဆိုကြသည်။
ထို့ပြင် နမ္မတီးမြို့ရှေ့ကျောင်းတိုက်ဝင်းအတွင်းရှိ သမိုင်းဝင် ရှေးဟောင်းဇာတ်စင်ကြီးမှာလည်း လေ ပြင်း ဒဏ်ကြောင့် ကြောက်မက်ဖွယ်ရာ ပြိုကျပျက်စီးသွားခဲ့ရကြောင်း၊ မိုးကောင်းမြို့အတွင်း၌လည်း လေပြင်းကြောင့် သစ်ပင်ကြီးငယ်များ ပြိုလဲခြင်း၊ နေအိမ်များ သွပ်အမိုးလန်ခြင်းနှင့် ခြံစည်းရိုးများ ပြိုကျခြင်းတို့ကြောင့် အပျက်အစီး များပြားခဲ့ကြောင်း၊ မြစ်ကြီးနားမြို့တွင်လည်း ရဲတပ်ဖွဲ့ရုံး အဆောက်အအုံများအပါအဝင် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ နမ္မတီး၊ မရမ်းနှင့် အနီးနားကျေးရွာများမှ နေအိမ်များစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“လူတွေက ဒဏ်ရာရတာရှိတယ်။ မစိုးရိမ်ရဘူး။ အဆောက်အအုံနဲ့ စစ်ရှောင်စခန်းတွေပဲ ပြိုကုန်တာ။ အကူအညီတွေတော့ လိုနေပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် ပျက်စီးဆုံးရှုံးမှု စာရင်းများကို ဆက်လက်ပြုစုနေဆဲဖြစ်ပြီး အမိုးအကာမဲ့သွားသည့် စစ်ဘေးရှောင်များနှင့် ပြည်သူများအတွက် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း၊ ပျက်စီးသွားသော နေအိမ်များနှင့် စစ်ဘေးရှောင်စခန်းများကို အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရန် လိုအပ်သည့် ထောက်ပံ့မှုများ ပေးအပ်နိုင်ရန် ဒေသခံများက မျှော်လင့်နေကြသည်။






