ရန်ကုန်၊ ဧပြီ ၂၆
စစ်တပ်ထိန်းချုပ်ထားသော လားရှိုးမြို့တွင် ကားဝယ်ဟန်ဆောင်၍ ကားပိုင်ရှင်ကို အနီးကပ်သေနတ်ဖြင့်ပစ်သတ်ကာ ကားလုယက်သွားမှု ကျူးလွန်သူများကို ဖမ်းမမိသေးကြောင်း လားရှိုးဒေသပြည်သူများ၏ ပြောဆိုချက်နှင့် ညီဖြစ်သူ၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ရေးသားချက်များအရ သိရှိရသည်။
ဧပြီလ ၂၁ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ကားဝယ်ယူရန် ချိန်းဆိုကာ ကားဝယ်ရောင်းလုပ်ကိုင်သူ ကားပိုင်ရှင် ကိုဆန်းအောင် သေနတ်ဖြင့် အနီးကပ်ပစ်သတ်၍ ကားလုယက်သွားခဲ့ခြင်းဖြစ်သည်။
ကားဝယ်ရောင်းလုပ်ကိုင်သူ ကားပိုင်ရှင် ကိုဆန်းအောင်က ဧပြီလ ၂၁ ရက် ညနေ ၄ နာရီခွဲခန့်တွင် ကားဝယ်မည်ဟု ချိန်းဆိုထားသော လူနှစ်ဦးနှင့် လားရှိုးမြို့၊ ဝရပ်ကွက်၊ ဗျူဟာလမ်းရှိ ပန်ဝိုင်လမ်းထဲတွင် တွေ့ဆုံခဲ့ကြောင်း၊ ကားဝယ်ရန် ရောက်ရှိလာသူ ၂ ဦးအနက် ၁ ဦးမှာ အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ ပိန်ပိန်နှင့် ဆံပင်ကောက်ကောက်ဖြစ်ပြီး ကျန် ၁ ဦးမှာ အရပ်ပုပု၊ အသားညိုညို ဖြစ်ကြောင်း သိရသည်။
ကားဝယ်မည့်သူ ၂ ဦးက ကားကိုစမ်းသပ်မောင်းနှင်မည်ဟု ဆိုကာ ကိုဆန်းအောင်အား ကားပေါ်သို့ အတူလိုက်ပါရန် ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုသို့ ထွက်ခွာသွားပြီး မိနစ် ၃၀ ခန့်အကြာ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့၊ သာသနာ ၂၅၀၀ ဘုရားတောင်ခြေ၌ ကိုဆန်းအောင်၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိရကြောင်း သိရှိရသည်။
ကိုဆန်းအောင်သည် ကားအတွင်း၌ပင် နောက်ထိုင်ခုံမှ အနီးကပ်ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းအား လူမှုကူညီရေးအသင်းများက ရင်ခွဲရုံသို့ သယ်ဆောင်ချိန်အထိ ကိုယ်ငွေ့နွေးနေဆဲဖြစ်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူများသည် ကိုဆန်းအောင်အား သာသနာ ၂၅၀၀ ဘုရားအနီး၌ ပစ်ချခဲ့ပြီးနောက် လားရှိုးမြို့ပြင်သို့ ကားဖြင့် ထွက်ပြေးသွားခဲ့ကြကြောင်း၊ ထွက်ပြေးစဉ်အတွင်း ခြေရာဖျောက်သည့်အနေဖြင့် သေဆုံးသူ၏ iPhone ဖုန်းကို ရေကန်တောင်လမ်းအနီးတွင် စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။
သေဆုံးသူ ကိုဆန်းအောင်သည် အလွန်ရိုးသားဖြောင့်မတ်သူဖြစ်ကာ မည်သူနှင့်မျှ ရန်ငြိုးရန်စမရှိဘဲ မိသားစုအပေါ် တာဝန်ကျေပွန်သူတစ်ဦးဖြစ်ကြောင်း ၊ကိုဆန်းအောင် ကွယ်လွန်သွားခြင်းကြောင့် ၎င်း၏ ဇနီးနှင့် လူမမယ် သမီးငယ်နှစ်ဦး၊ သက်ကြီးရွယ်အို မိခင်ကြီးတို့မှာ ကြီးစွာသော သောကဒဏ်ကို ခံစားနေကြရကြောင်း သေဆုံးသူ ကိုဆန်းအောင်၏ ညီဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။
“သိန်း ၅၀၀ ဝန်းကျင်တန်တဲ့ ကားတစ်စီးအတွက်နဲ့ အခုလို သွေးအေးအေးနဲ့ သတ်ဖြတ်သွားတဲ့အပေါ် ဘယ်လိုမှ ဖြေမဆည်နိုင်ဘူး” ဟု ညီဖြစ်သူက ဆိုသည်။
လက်ရှိတွင် သက်ဆိုင်ရာ အာဏာပိုင်များက အားသွန်ခွန်စိုက် စုံစမ်းစစ်ဆေးလျက်ရှိရာ လုယက်ခံရသည့်ကားကို ပြန်လည်တွေ့ရှိထားပြီဖြစ်ကြောင်း၊ သို့သော်လည်း ပြစ်မှုကျူးလွန်သူ လူသတ်သမားနှစ်ဦးကိုမူ ယခုအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ မြို့ခံများအနေဖြင့်လည်း ယခုကဲ့သို့ လူစည်ကားရာ မြို့လယ်ခေါင်တွင် လက်ရဲဇက်ရဲ ကျူးလွန်သွားသည့် ဖြစ်ရပ်ကြောင့် လုံခြုံရေးအတွက် စိုးရိမ်ပူပန်လျက် ရှိကြောင်း သိရှိရသည်။
“သတ်သွားတဲ့ ၂ ဦးကတော့ အခုထက်ထိကို မမိသေးဘူး။ ကားကတော့ ပြန်ရသွားပြီ။ လားရှိုးမှာက မူခင်းတွေက အရမ်းကို ဖြစ်နေတာ။ ဘယ်သူမှ မလုံခြုံဘူး” ဟု လားရှိုးမြို့မှ ကုန်စုံဆိုင် ဖွင့်လှစ်ထားသူ က ရှင်းပြသည်။
လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဧပြီလအတွင်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ဖိအားပေးမှုကြောင့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့သော်လည်းဥပဒေစိုးမိုးမှု နည်းပါးကာ မှုခင်းများ မကြာခဏ ဆိုသလို ဖြစ် ပွားနေခြင်းဖြစ်သည်။




