ရန်ကုန်၊ အောက်တိုဘာ ၁၉
ရန်ကုန်ခေတ်သစ်သတင်းဌာနက အရှေ့အလယ်ပိုင်း ဒူဘိုင်းနှင့် အိုမန်တွင် အိမ် ဖော် မြန်မာအမျိုးသမီးများ ဒုက္ ခရောက်နေပြီး စေလွှတ်သည့် တရားမဝင် ပွဲစားများက တာဝန်မယူကြောင်း သတင်းများ ဖော်ပြခဲ့ပြီး တရားမဝင် စေ လွှတ်သည့် ပွဲစားတချို့က ၎င်းတို့ စေလွှတ်သူများကို တာဝန်မယူသည့်အပြင် ခြိမ်းခြောက်မှုနှင့် မီဒီယာကို ရန်တွေ့မှုများစွာ လုပ်ဆောင်ကြကြောင်း သိရှိရသည်။
အရှေ့အလယ်ပိုင်း ဒူဘိုင်းနှင့်အိုမန်သို့ အိမ်ဖော်မြန်မာအမျိုးသမီး စေလွှတ်နေသည့် တရားမဝင် ပွဲစား မပန်းနွေက မီဒီယာသို့ သူ့အကြောင်း ဖြေကြားသူ အိမ်အကူ မြန်မာအမျိုးသမီး မြန်မာနိုင်ငံ ပြန်လာလျှင် CDM ဟု ဆိုပြီး ရန်ကုန် လေဆိပ်တွင် ဖမ်းဆီးခိုင်းမည်ဟု စာများပေးပို့သည်။
တရားမဝင်ပွဲစား ပန်းနွေနှင့် ပွဲစား မသဲသဲတို့က အိုမန်နိုင်ငံသို့ မခင်အိအိဇာကို အိမ်ဖော်အဖြစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် စေလွှတ်ခဲ့ပြီး လက်ရှိတွင် မခင်အိအိဇာမှာ အစားကို ပုံမှန်မကျွေးခြင်း၊ လုပ်အားခ မပေးဘဲ ထားခြင်း၊ Passport , ID ကတ်များ သိမ်းဆည်းထားခြင်းတို့ ကြုံတွေ့နေရကြောင်း၊ ကျန်းမာရေးအပြင်းအထန် ချို့တဲ့နေသော်လည်း ပွဲစားဖြစ်သူက တာဝန်ယူခြင်း မရှိဘဲ သိန်း ၆၀ ပေးလျော်မှသာ အိမ်ပြန်ရမည်ဟု ပြောဆိုကြောင်း ၊ လက်ရှိအချိန်တွင် မခင်အိအိဇာမှာ အိမ်ရှင် သူဌေး၏ မတရားခိုင်းစေ နှိပ်စက်မှုကြောင့် ထွက်ပြေးနေရသည်။
လက်ရှိအချိန်တွင် မခင်အိအိဇာမှာ ကျန်းမာရေးချို့တဲ့သည့် ကြားမှ ထွက်ပြေးနေရသည့်အပြင် ပတ်စ်ပို့မရှိ၍ အိမ်ပြန်၍လည်း မရဘဲ ဒုက္ခတွေ့နေရကြောင်း၊ အိုမန် အေးဂျင့်က လည်း ထွက်ပြေး၍ မခင်အိအိဇာကို ခြိမ်းခြောက်ကြောင်း၊ ၇ ရက်အတွင်း ပြန်မလာလျှင် ရဲနှင့် ဖမ်းပြီး ထောင်ချမည် ပြောကြားကြောင်း၊ မခင်အိအိဇာတွင် မိသားစုမရှိ၍ ပွဲစားကို ပေးလျှော်ရမည့် ကျပ်သိန်း ၆၀ မှာလည်း အခက်တွေ့နေရသည်။
တရားမဝင်ပွဲစား ပန်းနွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ရိုင်းရိုင်းစိုင်းစိုင်း ဆက်သွယ်လာသည့်အပြင် ဒုက္ခရောက်နေသည့် အိုမန်နိုင်ငံမှ မခင်အိအိဇာကို “နင် CDM ဆိုတာလည်း သိထားပြီးသား ။ နင်တို့ ခဏစောင့်ကြည့်နေလိုက်။ ငါယုတ်မာတော့မယ်” ဟု ပြန်လာလျှင် ဖမ်းဆီးခိုင်းမည်ဟု မက်ဆင်ဂျာမှ ဆက်သွယ်ပေးပို့ခဲ့သည်။
အလားတူ အိုမန်နိုင်ငံတွင် အိမ်ဖော် မြန်မာအမျိုးသမီး မစုစုဝင်းသည် အိမ်ရှင်၏ ရိုက်နှက်ခံရမှုကြောင့် မြန်မာပြည် ပြန်လိုသော်လည်း ပို့ဆောင်ပေးခဲ့သည့် တရားမဝင်ပွဲစား စည်သူအောင်က မြန်မာနိုင်ငံသို့ ပြန်လို့ပါက ၂ နှစ် စာချုပ်မပြည့်သည့်အတွက် AED 14000 (မြန်မာငွေ သိန်း ၂၃၀ ဝန်းကျင်) နှင့် သူ့အတွက် ပွဲစားခ AED 4500 လျော်ကြေးပေးရန် ပြောဆိုခဲ့သည့်အပြင် ရန်ကုန်ခေတ်သစ်မီဒီယာက သတင်းဖော်ပြမှုကိုလည်း “ကလေးအကွက် လာမလုပ်နဲ့ ရင်တောင်မခုန်ဘူး” ဟု တုံ့ပြန်သည်။
မသီရိဝင်းရွှေနှင့် မစိမ့်ဇာခြည်ဝင်းတို့ ညီအစ်မ ဒူဘိုင်းသို့ ပို့ဆောင်ပေးမည်ဟု ပြောဆိုပြီး လေယာဥ်တက်မှ ဒူဘိုင်းမဟုတ်ဘဲ အိုမန်သို့ ပို့ဆောင်ခဲ့သော ပွဲစား မလင်းလင်းနိုင်ဆိုသူက ရန်ကုန်ခေတ်သစ်သတင်းဌာန၏ ရုံးရှိရာ စမ်းချောင်းမြို့နယ်၊ မင်းလမ်းရှိ ချိတ်ပိတ်ခံထားရသော ရုံးသို့ သွားရောက် ရန်တွေ့ခဲ့ကြောင်း၊ ရန်တွေ့မှုကို Facebook မှ Live လွှင့် စိန်ခေါ်သည်ကိုမြင်တွေ့ရသည်။