30.5 C
Yangon

မင်းအောင်လှိုင် မော်လမြိုင်ခရီးစဉ်အတွက် လုံခြုံရေးယူပြီး ပြန်လာသည့် ဘီးလင်းမှ စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲပစ်ခတ်ခံရပြီး ဒုရဲမှူး အောင်မြင့်စိုး သေဆုံး၊ ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရပြီး အနည်းဆုံး ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၉

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မော်လမြိုင်ခရီးစဉ်အတွက် လုံခြုံရေးသွားယူပေးခဲ့သည့် ဘီးလင်းမြို့မှ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲပစ်ခတ်ရာ ဘီးလင်းမြို့နယ် ဒုရဲမှူး အောင်မြင့်စိုးသေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဘီးလင်းမြို့နယ် အခြေစိုက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၇ ရက်နေ့တွင် မင်းအောင်လှိုင်၏ မော်လမြိုင်မြို့ ခရီးစဉ်အတွက် လုံခြုံရေး ယူပြီး အပြန် မော်လမြိုင်-ရန်ကုန် ကားလမ်း ဘီးလင်းမြို့နယ်၊ ရွှေအင်ဒုံနှင့် ဒေါက်ရပ် ကျေးရွာများတွင် နှစ်ကြိမ် မိုင်းခွဲခံရပြီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

KNLA ပူးပေါင်းတပ်ဖွဲ့များက ရွှေအင်ဒုံကျေးရွာ၌လည်းကောင်း ဒေါက်ရပ်ကျေးရွာ လမ်းခွဲ၌လည်းကောင်း မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး RPG များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KNU တပ်မဟာ ၁ သတင်းရင်းမြစ်ထံမှ သိရှိရသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ယာဉ်တန်းတွင် လိုက်ပါလာသူ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ဦး၊ ဘီးလင်းမြို့နယ် ဒုရဲမှူး အောင်မြင့်စိုးအပါအဝင် ၉ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း ဒေသသတင်းမြစ် salween press က ဖော်ပြထားပြီး ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျှက်ရှိသည်။

ကျိုက်ထီးရိုးဘုရားတောင်တက်ဂိတ် ပစ်ခတ်မှုဖြစ်ပြီးနောက် အကြမ်းဖက်စစ်တပ်က ကျိုက်ထီးရိုးတောင်တဝိုက်ရှိ ကျေးရွာများကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း KNU တပ်မဟာ ၁ မိတ်ဖက်အဖွဲ့များ ထံမှ သိရှိရသည်။

အလားတူ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာတွင် ကျူးကျော်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာလ ၁၈ ရက် ယမန်နေ့တွင် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အနည်းဆုံး ၁ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရကြောင်း KNDF တပ်ရင်း ၅ က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ နံနက် ၆ နာရီမှ စတင်ကာ ကရင်နီတပ်မတော် KA၊ KRU၊ အလယ်ပိုင်းတိုင်းနှင့် KNDF တပ်ရင်း ၅၊ တပ်ရင်း ၆ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့က နံနက် ၈ နာရီခွဲ၌ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ – စစ်ယာဉ်တန်း မိုင်းခွဲပစ်ခတ်ခံရသည့် ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာလမ်းခွဲ (ပုံအဟောင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article