26.2 C
Yangon

အင်းစိန်ထောင်တွင် ဗုံးပေါက်ကွဲပြီးနောက် အကျဉ်းထောင်များအားလုံးတွင် ထောင်ဝင်စာ ပါဆယ်ပို့ခွင့် ရက်အကန့် အသတ်မရှိ ပိတ်ပင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၀

ပြည်ထဲရေးဝန်ကြီးဌာန၏ တိုက်ရိုက်ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အားလုံးတွင် ထောင်ဝင်စာပါဆယ်ပို့ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း ထောင်အာဏာပိုင်အသိုင်းအဝိုင်းထံမှ သိရသည်။

ယင်းသို့ထောင်ဝင်စာ ပိတ်လိုက်သဖြင့် ထောင်အတွင်း အကျဉ်းကျနေသူများ၏ စာရေးသောက်ရေး ကျန်းမာရေးကိစ္စ လိုအပ်ချက်များအတွက် အခက်အခဲများစွာ ရှိလာမည်ဖြစ်ကြောင်း၊ ထောင်အတွင်း ကျွေးမွေးနေသည့် အစားသောက်များမှာ လုံလောက်မှုမရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်းတို့ကြောင့် အကျဉ်းကျနေသူများမှာ ထောင်ဝင်စာကိုသာ အားပြုနေရခြင်းဖြစ်ကြောင်း အကျဉ်းသားမိသားစုများက ပြောသည်။

အောက်တိုဘာလ ၁၉ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် အင်းစိန်အကျဉ်းထောင်၏ ထောင်ဘူးဝရှေ့ ထောင်ဝင်စာပါဆယ် လက်ခံသည့် နေရာတွင် ပါဆယ်ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၈ ဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရခဲ့မှု ဖြစ်ပွားခဲ့သည်။

သေဆုံးသူ ၈ ဦးတွင် အင်းစိန်အကျဉ်းထောင် ဝန်ထမ်း ၃ ဦးနှင့် ထောင်ဝင်စာလာတွေ့သည့် အရပ်သားပြည်သူ ၅ ဦးပါဝင်ကြောင်း၊ အင်းစိန်အကျဉ်းထောင်တွင် ဖြစ်ပွားသည့် ယင်းပေါက်ကွဲမှုအပြီးတွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များ၌ ထောင်ဝင်စာပါဆယ်ပို့ခွင့်ကို စစ်ကောင်စီက ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ထောင်ဝင်စာပို့သည့် နေရာကို ပစ်မှတ်ထားတိုက်ခိုက်မှုအပေါ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် အဖွဲ့အစည်းများက ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာကြသည်။

ထောင်ဝင်စာပို့ရာနေရာသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့နေသော နေရာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ အတွက် လိုအပ်သောထောက်ပံ့မှုများကို ပေးပို့နိုင်သော တစ်ခုတည်းသော နေရာဖြစ်ကြောင်း၊ ယင်းနေရာမျိုးကို စစ်ရေး ပစ်မှတ်အဖြစ် ဦးတည်တိုက်ခိုက်ခြင်းသည် စစ်အတွင်းလိုက်နာရမည့် ကျင့်ဝတ်များကို သွေဖယ်ခြင်း ဖြစ် ကြောင်း ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်း သားသမဂ္ဂများ (တကသများ-ရန်ကုန်)ကလည်း ကန့်ကွက်ရှုတ်ချကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အကျဉ်းထောင်တစ်ခုသို့ ထောင်ဝင်စာပို့နေစဉ်။(ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article