31 C
Yangon

အယ်ဒီတာ့အာဘော်

Must read

စစ်တပ် တိုက်ခိုက်ခံရချိန် ပြည်သူကို တန်ပြန် သတ်ဖြတ် အကြမ်းဖက်၍ တော်လှန်ရေးအဖွဲ့ကို အပြစ်ပုံချ သူတော်ကောင်း ယောင်ဆောင်သည့် ဗျူဟာ စစ်ကောင်စီ သုံးလာ

By ရန်ကုန်ခေတ်သစ်

ရန်ကုန်တိုင်း၊ အင်းစိန်ထောင်တွင် အောက်တိုဘာလ ၁၉ ရက်နေ့ ပါဆယ်ဗုံးပေါက်ကွဲမှုနှင့်အတူ ထင်ရှားကျော်ကြားသော နိုင်ငံရေးအကျဉ်းသားတချို့၏ မိခင်များ၊ မိသားစုဝင်များကို စစ်ကောင်စီက ရောင်တော်ပြန်နှင့် ရောထွေး၍ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ယင်းနောက် ဗုံးပေါက်ကွဲမှုကြောင့် နိုင်ငံ ရေးအကျဉ်းသားမိသားစုဝင်များပါ သေဆုံးသည်ဟု သတင်းထုတ်ပြန်လာသည်။

ရန်ကုန်ခေတ်သစ်၏ မေးမြန်းချက်နှင့် လေ့လာချက်များအရ အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုနှင့် စစ် တပ်က နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တချို့ကို ပစ်ခတ်သတ်ဖြတ်မှုသည် သီးခြားစီ ဖြစ်ပေါ်ကြောင်း တွေ့ရှိရသည်။

အင်းစိန်ထောင် ပါဆယ်ဗုံးပေါက်ကွဲချိန် ထောင်ဝင်စာအဆောင်တွင် ပြည်သူများစွာ ၀ရုန်းသုန်းကား ဖြစ်နေပြီး ယင်းအခြေအနေကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ နေရာနှစ်ခုမှ ပြည်သူများကို ပစ်ခတ်သတ် ဖြတ်ခဲ့သည်ကို လေ့လာ တွေ့ရှိရသည်။

အင်းစိန်ထောင်ဝင်စာ ဗုံးပေါက်ကွဲမှုနှင့် ပြည်သူများ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးမှု ဖြစ်စဉ်သည် မကြာသေးမီက ဖြစ်ပွားခဲ့သော ကျိုက်ထီးရိုးဘုရားဖူး ၃ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ကဲ့သို့ပင် ဖြစ်ပွားပုံ နှင့် စစ်တပ်၏ တုံ့ပြန်ပုံမှာ တစ်ထေရာတည်း တူညီနေခြင်းဖြစ်သည်။

အောက်တိုဘာလ ၁၂ ရက်နေ့ ကျိုက်ထီးရိုးဘုရားတောင်တက်ဂိတ်ရှိ စစ်တပ်လုံခြုံရေးဂိတ်ကို KNU ၊ PDF များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်က တန်ပြန်အနေဖြင့် ဘုရားဖူး ၃ ဦးကို ပစ်သတ်ခဲ့သည်။ ယင်းနောက် KNU ၊ PDF များက ဘုရားဖူး ပြည်သူများကို သတ်ဖြတ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ကျိုက်ထီးရိုး ဘုရားဖူး ၃ ဦး သေဆုံးမှုအတွက် စစ်တပ်က အကြီးအကျယ် စိတ်ဆိုးပြသည်။ ၎င်းတို့သည် ဘုရားဖူး ပြည်သူများအတွက်၊ နိုင်ငံတော်နှင့် ဗုဒ္ဓဘာသာကို ကာကွယ်နေသည့် မျိုးချစ်စစ်တပ်အဖြစ် ပုံဖော်ပြသည်။ KNU နှင့် PDF က ပြည်သူကို သတ်ဖြတ်သော အကြမ်းဖက်မှု ကျူးလွန်သည်ဟုလည်းကောင်း၊ ဗုဒ္ဓဘာသာကို တိုက်ခိုက်သည်ဟုလည်းကောင်း စစ်တပ်က အကြီးအကျယ် ဝါဒဖြန့်ခဲ့သည်။

ယခုလည်း အင်းစိန်ထောင် ဗုံးခွဲမှုကြောင့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ အပါအဝင် ပြည်သူများ သေဆုံးသည့် အကြမ်းဖက်မှုဟု အကြီးအကျယ်ဝါဒဖြန့်ပြီး မည်သည့်ဗုံးခွဲမှုကိုမှ သွားရောက် မစစ်ဆေးခဲ့သော ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က နေပြည်တော်မှ ရန်ကုန် အားချင်း ချက်ချင်း ဆင်းလာကာ အင်းစိန်ထောင် ရောက်လာခြင်း၊ လူနာများကို သွားမေး၍ ငွေကြေး ထောက်ပံ့သည့် ဓာတ်ပုံများ အရိုက်ခံ၍ နိုင်ငံရေး အမြတ်ထုတ်သည်။

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တချို့နှင့် ပြည်သူတချို့ သေဆုံးမှုမှာ အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုကြောင့် မဟုတ်ဘဲ ဗုံးပေါက်ကွဲမှုအပြီး စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ဦးတည်ပစ်ခတ်သောကြောင့် သေဆုံးခြင်းဖြစ် သည်။

စစ်တပ်ကို ဦးတည်သော တိုက်ခိုက်မှုများ ခံရချိန်တိုင်း စစ်တပ်က ပြည်သူ လူထုကို တန်ပြန် ပြန်လည် သတ်ဖြတ်ပြီး တော်လှန်ရေးအင်အားစုများ၏ အကြမ်း ဖက်မှုကြောင့် ပြည်သူလူထုသေဆုံးပြီး ၎င်းတို့က ပြည်သူကို ကာ ကွယ်သူများအဖြစ် ပုံဖော်နေ သည်။

စစ်တပ်သည် ၎င်းတို့ မိုင်းဆွဲခံရခြင်း၊ တိုက်ပွဲတွင် အထိနာခြင်းများဖြစ်ပေါ်လာပါက အနီးအနားရှိ ကျေးရွာများကို ဖျက်ဆီးခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းစသည့် မည်းမည်းမြင်ရာ ဦးတည်တိုက် ခိုက်မှုများ ယခင်ကတည်းက လုပ် ဆောင်ခဲ့ ပြီးဖြစ်သည်။

တိုင်းရင်းသားနယ်မြေများနှင့်ကျေးလက်ဒေသများတွင် ယင်းသို့ စစ်တပ်၏ တန်ပြန်တိုက်ခိုက် သတ်ဖြတ်မှုများသည် ထင်သာမြင်သာ ရှိသော် လည်း မြို့ပြဒေသများတွင် ပြည်သူများ ရောထွေး ရှိနေသဖြင့် စစ်တပ်က ယင်းရောထွေးမှုကို ကောင်း ကောင်း အသုံးချသည်။

အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုတွင် လည်းကောင်း၊ ကျိုက်ထီးရိုး တောင်တက်ဂိတ် ပစ်ခတ်တိုက်ခိုက်မှုတွင်လည်းကောင်း စစ်တပ်ကို ဦးတည်သော ပစ်ခတ်တိုက်ခိုက်မှုများ ရှိလာချိန်တွင် စစ်တပ်သည် နီး စပ်ရာ ပြည်သူကို လက်စားချေ လက်တုံ့ပြန်ကာ ချက်ချင်းပင် ၎င်းတို့ကို စတင်တိုက်ခိုက်သည့် အဖွဲ့အပေါ် အပြစ်ပုံချပြသည်။

စစ်တပ်ကို စတင်တိုက်ခိုက်သော အဖွဲ့က ပြည်သူကို သတ်ဖြတ်အကြမ်းဖက်နေသည့်အဖွဲ့၊ အကြမ်း ဖက်မှု ကျူးလွန်သော ပုံစံ လမ်းကြောင်းကို စစ်တပ်က ဆွဲသွင်းပုံဖော်သည်။

စစ်တပ်သည် ၎င်းတို့ တိုက်ခိုက်ခံရသည်နှင့် တန်ပြန်အဖြစ် ပြည်သူကို သတ် ဖြတ်၍ စတင်တိုက်ခိုက်သည့်အဖွဲ့အပေါ် အပြစ်ပုံချ အကြမ်းဖက်မှုဟု ကင် ပွန်းတပ်ခြင်းကို ရေရှည်ဗျူဟာ အဖြစ် မူဝါဒချထားပုံရသည်။ ယင်းဗျူဟာဖြင့် ပြည်သူ လူထုနှင့် တော်လှန် ရေးအင်အားစုများအကြား ကွဲပြားအောင် ခွဲ ခြား နိုင်မည်ဟု စစ်တပ်က ယုံကြည်နေသည်။

နောက်ဆုံးတွင် ပြည်သူ လူထု မပါဝင်သော စစ်အာဏာရှင်တော်လှန်ရေးအဖြစ်လည်းကောင်း၊ အကြမ်း ဖက်မှုများအဖြစ်လည်းကောင်း နိဂုံးချုပ်စေရန် ရည် ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ် သည်။

နွေဦးတော်လှန်ရေးသည် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ပြိုကွဲသွားသကဲ့သို့ စစ်တပ်ပင် နောက်ဆုံး အနိုင်ရ အောင်ပွဲခံမည်ဟု စစ်တပ်က တွက်ဆနေ သည်။

ထို့ကြောင့် စစ်တပ်က နွေဦးတော်လှန်ရေးကို ဖျက်ဆီးနိုင်ရန် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခအဖြစ်လည်းကောင်း၊ အကြမ်းဖက်မှုများ အဖြစ် လည်း ကောင်း ပုံဖော် မှိုင်းသွင်းရန် ပုံစံအမျိုးမျိုးဖြင့် ကြိုးစားနေခြင်း ဖြစ်သည်။

စစ်တပ်ကို ဦးတည်သော တိုက်ခိုက်မှုများဖြစ်ပေါ်တိုင်း ပြည်သူလူထုကို တန်ပြန်တိုက်ခိုက် သတ်ဖြတ် အပြစ်ပုံချသော ဗျူဟာဖြင့် နွေဦး တော်လှန်ရေးအင်အားစုများ၏ စည်းလုံးညီညွတ်မှု ပြိုကွဲစေရန် စစ်တပ်က လုပ်ဆောင်နေသည်။

စစ်တပ်သည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် မည်သူ့ကိုမဆို သတ်ဖြတ်ရန်၊ညှဉ်းပန်းနှိပ်စက်ရန်၊ မီးရှို့ရန်၊ မုဒိမ်းကျင့်ရန် ဝန်မလေးကြောင်းကို ၂ နှစ်နီးပါး ကာလအတွင်း အလွန်ရက်စက်သော စစ်ရာဇဝတ်မှုများ ၊ လူမျိုးတုန်း သတ်ဖြတ်မှုများ ကျူးလွန်၍ သက်သေ ပြသခဲ့ပြီးဖြစ်သည်။

“မလုပ်ရဲတာ ဘာမှ မရှိဘူး” ဟု ပြောဆိုခဲ့သော မင်းအောင်လှိုင်နှင့်စစ်တပ် သည် ပြည်သူများစွာကို သတ်ဖြတ် အကြမ်းဖက်၍ တော်လှန်ရေး အင်အားစုကို အပြစ်ပုံချရန် လုပ်ရဲ ကိုင်ရဲ သတ်ရဲသည်ကို နားလည်ထားကြရန် လိုအပ်သည်။

ထို့ကြောင့် ဖက်ဆစ်စစ်တပ်သည် နွေဦးတော်လှန်ရေးကို ပုံဖျက်ရန် ၎င်းတို့ တိုက်ခိုက်ခံရချိန်တိုင်း အလွန်ကြီးမားသည့် တန်ပြန် အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ကာ တော်လှန်ရေးအဖွဲ့များ၏ အကြမ်းဖက်မှုအဖြစ် ကင်ပွန်း တပ်ရန် ဆက်လက်ကြိုးစားမည်ဖြစ်သည်။

ဆိုလိုသည်က အလွန်ကြီးမားသော အရေအတွက်ဖြင့် ပြည်သူလူထု သေကြေပျက်စီးသော တန်ပြန် အကြမ်းဖက်မှုကြီးများကို စစ်တပ်က မကြာမီ သေချာ ပေါက် ကျူးလွန်၍ တော်လှန်ရေးအင်အားစု များအပေါ် အပြစ်ပုံချမည်မှာ အသေအချာဖြစ်သည်။ ထိုအချက်ကို နွေဦးတော်လှန်ရေးတွင် ပါဝင်သူတိုင်း၊ စစ်အာဏာရှင် ဆန့်ကျင်သူတိုင်း၊ ပြည်သူတိုင်း မဖြစ်မနေ သိရှိ သတိ ချပ်ရမည်ဖြစ်သည်။

အလွန်ယုတ်မာကောက်ကျစ်သော ဖက်ဆစ် စစ်တပ်ကို ရင်ဆိုင်နေရသည့် နွေဦးတော်လှန်ရေး အင်အားစုများ အနေဖြင့် သတိကြီးကြီး ထားရှိရမည့်အချိန်ဖြစ်ပြီး စစ်ရေးဆိုင်ရာ ကျင့်ဝတ်၊ စည်းကမ်းများကို ပိုမိုစောင့်စည်း လိုက်နာရမည်ဖြစ်ကြောင်း မီးမောင်းထိုး တင်ပြအပ်ပါသည်။

ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က နေပြည်တော်မှ ရန်ကုန် အားချင်း ချက်ချင်း ဆင်းလာကာ အင်းစိန်ထောင် ရောက်လာခြင်း၊ လူနာများကို သွားမေး၍ ငွေကြေး ထောက်ပံ့သည့် ဓာတ်ပုံများ အရိုက်ခံ၍ နိုင်ငံရေး အမြတ်ထုတ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article