ရန်ကုန်၊ အောက်တိုဘာ ၂၀
စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်မှ စစ်ကား ၂ စီးကို PDF တပ်များစုပေါင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄၀ ဦးကျော် သေဆုံးကြောင်း နယ်စီးမခြား စစ်ကိုင်းသားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၈ ရက်နေ့က စစ်ကိုင်းမြို့နယ် အုန်းတောနှင့် ဆားတောင် အကြားတွင် စစ်ကား ၂ စီးကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ၃ နေရာခွဲပြီး မိုင်းဆွဲ တိုက်လိုက်ခဲ့ကြောင်း သိရသည်။
မိုင်းဆွဲ တိုက်ခိုက်ရာတွင် ရှေ့ဆုံးမှ မောင်းနှင်လာသည့် ကားကို ဒုတိယပွိုင့်မှ စတင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကား ထိုးရပ်သွားကာ စစ်သားများ ကားပေါ်မှ ဆင်းလာချိန် တတိယပွိုင့်တွင် အသင့်စောင့်ဆိုင်းနေသည့် ကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံမိုင်းဆွဲ ခဲ့သောကြောင့် စစ်သားများ သေဆုံးမှု များပြားခဲ့ကြောင်း၊ နောက်မှ လိုက်လာသည့် စစ်ကားကိုလည်း ပထမပွိုင့်တွင် စောင့်ဆိုင်းနေသော ရဲဘော်များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” စစ်ခွေး ၄၀ ဦးသေတယ်ဆိုတာက ကျွန်တော်တို့ ခန့်မှန်းထားတဲ့ စာရင်းပါ။ အတွင်းသတင်းတွေ အရဆို ၄၂ ဦးသေတယ်လို့ သိရတယ်” ဟု နယ်စီးမခြား စစ်ကိုင်းသားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို နယ်စီးမခြား စစ်ကိုင်းသားအဖွဲ့နှင့် စစ်ကိုင်းခရိုင် တပ် ရင်း( ၂ ) တပ်ခွဲ ( ၄ ) တပ်စိပ် ( ၂ ) တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံမြို့နယ်တွင် KIA၊ PDF တပ်ပေါင်းစုနှင့် အကြမ်းဖက် စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။
အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ဂိုပန်ကျေးရွာနှင့် ပန်ဆန်ကျေးရွာ အကြား နမ္မတူဘက် ဦးတည်ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို KIA၊ PDF တပ်ပေါင်းစုက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် တပ်မ ၁၀၁ မှ အင်အား ၅၀ ကျော်ခန့်ပါသော စစ်ကြောင်းကို KIA၊ PDF တပ်ပေါင်းစုမှ မိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ပြီးနောက် စစ်တပ် စစ်ကြောင်းများ တပ်ပျက်သွားစဥ် KIA၊ PDF တပ်ပေါင်းစုက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားသောကြောင့် တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်သားများ ထိခိုက် သေဆုံးမှုများ ရှိကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာရှိ အကြမ်း ဖက်စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းကို သာယာဝတီခရိုင် PDF များက အောက် တိုဘာလ ၂၀ ရက် ယနေ့နံနက်တွင် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကြောင်း သိရှိရသည်။
သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ က ယနေ့နံနက် ၂ နာရီခန့်တွင် ၄၀ မမ များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန် အလှန် ပစ်ခတ်မှု ၁၇ မိနစ်ကျော် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်ဖွဲ့၏ သေဆုံးထိခိုက်မှုအသေးစိတ်ကို အတည်ပြုနိုင်ရန် စုံစမ်းနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
တိုက်ခိုက်ပြီးနောက် PDF များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။