30 C
Yangon

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး နိုင်ငံတကာက ထိရောက်စွာ ဖိအားပေးရန် အရပ်ဘက်အဖွဲ့ ၅၈ ခုက စုပေါင်းတောင်းဆို

Must read

ရန်ကုန်၊ ဧပြီ ၂၁

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံ ရေးအကျဉ်းသားများအား လုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် စစ်ကောင်စီအပေါ် ထိရောက်သည့် ဖိအားပေးမှုများ လုပ်ဆောင်ပေးရန် ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်း ၅၈ ခုက ယနေ့တွင် စုပေါင်းတောင်းဆိုလိုက်ကြသည်။

ယနေ့ ဧပြီလ ၂၁ ရက်နေ့သည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစဉ်တစိုက် ကြိုး ပမ်းခဲ့သူ NLD နာယက၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့်သည့် နေ့ရက်ဖြစ်သည်။ ယင်းနေ့ကို ဂုဏ်ပြုသောအားဖြင့် ဧပြီလ ၁၀ ရက်နေ့မှ ယနေ့အထိ ၁၂ ရက်တိုင်တိုင် “Blue Shirt Campaign” (အပြာရောင်ဝတ်စုံလှုပ်ရှားမှု) ကို လူထုလှုပ်ရှားမှုတစ်ရပ်အဖြစ် ဖော်ဆောင်ခဲ့ကြသည်။

“အဓိက ဒီထုတ်ပြန်ချက်ကတော့ ကုလသမဂ္ဂအပါအဝင် ၊ အာစီယံနိုင်ငံတွေ၊ နိုင်ငံတကာအ သိုင်းအဝန်းက ခေါင်းဆောင် တွေအနေနဲ့ မြန်မာပြည်အကျဉ်းထောင်ထဲက လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးကို တကယ့် လက်တွေ့ကျပြီး ထိရောက်သော ဖိအား ပေးတောင်းဆိုမှုကနေ တဆင့် နိုင်ငံရေးအကျဉ်းများလွတ် မြောက်ရေးကို အကောင်းဆုံး အားစိုက်ကြိုးစားပေးဖို့ ကျနော်တို့ဒီအဖွဲ့အစည်းတွေအနေနဲ့ တိုက် တွန်းတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) နှင့် AAPP တို့၏ မှတ်တမ်းများအရ လက်ရှိတွင် အကျဉ်းထောင်များအတွင်း အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ် စုစုပေါင်း ၁၄,၀၀၀ ကျော် ဖမ်းဆီးချုပ်နှောင်ခံထားရသည်။

အာဏာသိမ်းချိန်မှစ၍ ယနေ့အထိ အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံ လောက်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခံရခြင်းတို့ကြောင့် နိုင်ငံရေးအကျဉ်းသား ၂၇၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ (EU)၊ အာဆီယံနှင့် အမေရိကန် အပါအဝင် နိုင်ငံတကာခေါင်းဆောင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ပေးရန်၊ စစ်ကောင်စီ၏ တရားမဝင် အတုအယောင်အစိုးရအား အသိအမှတ်မပြုရန် တို့ကို အရပ်ဘက်အဖွဲ့များက တောင်းဆိုထားသည်။

ယင်းအပြင် ပြည်သူလူထုအပေါ် လေကြောင်းမှ ဗုံးကြဲနေမှုများကို ရပ်တန့်နိုင်ရန် လေယာဉ်ဆီ ရောင်း ချနေမှုများကို ပိတ်ဆို့ရန်၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စစ်တပ်ကို နိုင်ငံတကာဥပဒေအရ တာဝန်ခံစေရန်တို့ကိုလည်း ဆက်လက် တောင်းဆိုထား သည်။

အဆိုပါ တောင်းဆိုမှုကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် (PPNM)၊ နွေဦးတမာန် (NOTM) နှင့် ထောင်ဝင်စာပို့ကြမယ် (ကလေးမြို့) အပါအဝင် တိုင်းရင်းသားလူငယ်အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့ စုစုပေါင်း ၅၈ ဖွဲ့က ပူးပေါင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article