21 C
Yangon

ကန်ပက်လက်နှင့် ကယားတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၁ ဦးသေဆုံး၊ မတ္တရာတွင် စစ်ကြောင်း မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၀

ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် အကြမ်းဖက် စစ်တပ်နှင့် CDF တို့ တိုက်ပွဲဖြစ်ပွားပြီး ၄ ဦးသေဆုံးကြောင်း သိရသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၄ နာရီခန့်တွင်ကင်းပုန်း နေရာယူထားသော CDF-Kanpetlet ရဲဘော်များနှင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းတို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦးသေဆုံး​ကာ အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထိတွေ တိုက်ပွဲသည် နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီအထိဖြစ်ပွားပြီး ပြင်းထန်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်နက်ကြီးများဖြင့် ကန်ပက်လက်မြို့တွင်းသာမကအနီးအနားရှိ ကျေးရွာများကိုပါ တရစပ်ပစ်ခတ်ခဲ့ပြီး ပြည်သူများနှင့် လူနေအိမ် ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် လက်ရှိချိန်တွင် ကန်ပက်လက်နှင့် ကျင်ဒွေးမြို့များကို လေကြောင်းဖြင့် လက်နက်အင်အား၊ လူအင်အားများ ဖြည့်တင်းလျက်ရှိကြောင်း၊ တိုက်ပွဲများ ဆက်လက် ပြင်းထန် လာနိုင်ကြောင်း Chin Defense Force – Kanpetlet အဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ကယားပြည်နယ် ဘောလခဲမြို့ရှိ စစ်တပ် ကင်းပုန်းနှင့်ဂိတ်စခန်းများကို ကာကွယ်ရေး တပ်ပေါင်းစုက ဝင်ရောက် တိုက်ခိုက်ခဲ့​ပြီး ၇ ဦးသေဆုံးကြောင်း သိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဘောလခဲမြို့ရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်း ဂိတ်စခန်းကို KNDF B (10)၊ B (21) ၊ KA တို့ပူးပေါင်းကာ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ အနီးအနားရှိ လေးထပ်တိုက်ပေါ်တွင် တပ်စွဲထားသော စစ်တပ်နှင့် လမ်းမကြီးဘေးတွင် ပြုလုပ်ထားသော ကင်းပုန်းဂိတ်စခန်းနှင့် ပွန်ချောင်းတံတားထိပ်တို့တွင် ပြုလုပ်ထားသည့် ဂိတ်စခန်းတို့ကို ဝင်ရောက် တိုက်ခိုက်ခဲခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဂိတ်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှုများ အတွင်း စစ်တပ်ဘက်မှ ၇ ဦး သေဆုံးကာ ၇ ဦးကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNDF B 10 မှ ထုတ်ပြန်ထားသည်။

ထို့ပြင် မန္တလေးတိုင်း မတ္တရာမြို့နယ်ကျောက်ဆည်ရွာအနီး စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကြောင်း သိရသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ကင်းကျေးရွာ၌ တပ်စွဲထားသော စစ်သား ၇၀ ကျော်ခန့် ကျောက်ဆည်လေးရွာကို ထွက်လာစဥ် ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” မတ္တရာမြို့နယ် ကင်းကျေးရွာမှာ ရက်ပေါင်း ၅၀ ကျော်တပ်စွဲထားတဲ့ အင်အား ၇၀ ကျော်နဲ့ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းကို ကျောက်ဆည်လေး ကျေးရွာ အနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ၃ ဦးသေတယ်။ ၁၄ ကောင် ဒဏ်ရာရတယ်။ သေသွားတဲ့ စစ်ခွေးတွေကို ပြည်သူနဲ့ထင်ယောင်ထင်မှား ဖြစ်အောင် လက်ပြန်ကြိုး တုတ်ရေမျှောပစ်တယ်” ဟု ပတ္တရာမြို့နယ် ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article