ရန်ကုန်၊ အောက်တိုဘာ ၂၀
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရုံးတွင် တပ်စွဲထားသော စစ်တပ်ကို ဗုံး၊ မိုင်းတို့ဖြင့် ယနေ့ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးပျောက်ကျားတပ်ဖွဲ့က ပြောသည်။
အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၇ မိနစ်အချိန် ရွှေပြည်သာမြို့နယ် လူကယ်ပြန်ရုံးတွင် တပ်စွဲထားသော စစ်တပ်ကို Generation-Y Guerilla GY G ၊ Myint Ma Kha နှင့် Army Representing Myanmar Society ARMS မှ မဟာမိတ်ညီနောင်များက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်တိုက်ခိုက်ပြီး Hello မိုင်းဖြင့်ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ၊ အထိခိုက်အပျက်အစီး မသိရသေးသော်လည်း လူနာတင်ကားများ ဝင်သွားသည်ကို မြင်တွေ့ရကြောင်း တော်လှန်ရေးပျောက်ကျားရဲဘော်က ဆိုသည်။
အလားတူ ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်ဝန်းကျင် အရှေ့ဒဂုံတွင် ပစ်ခတ်သံတချို့ကြားရပြီး စစ်သားများနှင့် ရဲကား၊ စစ်ကားများ ၇/၈ လမ်းဆုံအနီးတွင် လှည့်လည်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။
ထို့အတူ ယနေ့ လှိုင်မြို့နယ်၊ သီရိမြိုင် ၁၃ ရပ်ကွက်တွင် အောင်ပန်း အမြောက်တပ်မှ ဗိုလ်ကြီး မြင့်ဆွေ၊ ဇနီး ရတနာဦး၊ ဗိုလ်အောင်ကိုမင်းတို့ ပစ်သတ်ခံရပြီးနောက် ပြည်သူများကို ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း များပြုလုပ်လျက်ရှိရာ ယနေ့ညအချိန်အထိ အနည်းဆုံး ပြည်သူ ၁၀ ဦးဝန်းကျင် စစ်တပ်က ရမ်းသမ်းဖမ်းဆီးသွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ညအချိန်ကင်းလှည့်နေသော အကြမ်းဖက်များ။ (ပုံအဟောင်းဖြစ်သည်)