ရန်ကုန်၊ အောက်တိုဘာ ၂၇
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ရှိ အရက်ဆိုင် တစ်ဆိုင်တွင် လိုင်းကြေး လာကောက်သည့် စစ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကြောင်း သိရသည်။
အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ငါန်းဇွန်မြို့နယ် မြေးတိုင်းရွာတောက်ဘက်ရှိ ၂ လုံး၊ ၃ လုံး ဒိုင်များနှင့် အရက်ဆိုင်များဆီက လိုင်းကြေး လာကောက်သည့် စစ်သားများကို ပဒေသာမိုင်း ၅ လုံးဖြင့် ZERO ပြောက်ကျား တပ်ဖွဲ့ (မြင်းခြံ)-မြင်းခြံခရိုင် တပ်ရင်း-၇မှ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ရဟတ်ယာဥ်များဖြင့် ပစ်နေကြောင်း သိရသည်။
ပုလဲမြို့နယ် သဲပြင်ကျယ်ကျေးရွာနှင့် အိုင်းမရွာ အကြားကို အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဥ် ၂ စီးဖြင့် ပစ်ခတ် တိုက်ခိုက်နေပြီး မြေပြင်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
အောက်တိုဘာလ ၂၅ ရက်နေ့က ဖလံပင်ရွာအနီးက ပုလဲ ပကဖ မြို့နယ်ရုံးကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ် ၅ စီးဖြင့် တိုက်ခိုက်ခဲ့ပြီး မြေပြင်တွင် အထူးကွန်မန်ဒိုစစ်သားများ ချထားပြီးနောက် PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက် ကျဆုံးမှု များပြားခဲ့ပြီး ရယာဥ်များဖြင့်ပါ ပစ်ခတ် တိုက်ခိုက် နေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ရဟတ်ယာဥ် ၂ စီးဖြင့် နံနက် ၈ နာရီခန့်တွင် တစ်ကြိမ် နံနက် ၁၀ နာရီကျော်ခန့်တွင် တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု အခြေအနေများကို အတည်မပြုနိုင်ကြောင်း သိရသည်။
” တိုက်ပွဲက ၃ ရက်ဆက်တိုက် ဖြစ်နေတာ ဟုတ်ပါတယ်။အကျဆုံးကတော့ ကျွန်တော်တို့ဘက်က အခုအချိန်အထိ အကျအဆုံး မရှိသေးဘူးဗ။ အသေးစား (အသက်အန္တရယ်) မစိုးရိမ်ရသူ ၄ ဦးလောက်ပဲရှိသေးပါတယ်။ စစ်ခွေးတွေကတော့ ပထမ၂၆ရက်နေ့ တိုက်ပွဲမှာ ၇ ကောင်သေတယ်။ဒီနေလည်း ဒီကောင်တွေ အကျဆုံးများလို့လေယာဥ် ၂ စီးနဲ့လာပစ်တယ်။ လေယာဥ်ပေါ်ကနေ လက်နက် ကြီးတွေလည်းချတယ်။ ပြည်သူတွေ အထိအခိုက်ကတော့ လက်တစ်လော မသိရသေးဘူး။ စစ်ကောင်စီဘက်ကတော့ ကျွန်တော်တို့ PDF အဖွဲ့ဝင် ၇ ဦးသတ်ဖြတ်တယ်ဆိုပြီး သူတို့ ဝါဒဖြန့်နေတာတော့ရှိတယ်။ မြေပြင်အမှန်က အဲ ၇ ဦးက အရပ်သား ၇ ဦးဖြစ်ဖို့များမယ်။ အရပ်သား သတ်ပြီး သူ့ပထွေးတွေကို သတင်းလိမ်တာ ဖြစ်မယ်။ ကျွန်တော်တို့ အဖွဲ့တွေကတော့ အခုအချိန်အထိ တစ်ဦးတစ်ယောက်မှ အကျဆုံးမရှိသေးဘူး” ဟု ပုလဲဒေသခံ PDF ခေါင်းဆောင် တစ်ဦးက ပြောဆိုသည်။