31 C
Yangon

ဂန့်ဂေါနှင့် မြဝတီတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံး၊ မြင်းမူမြို့ပေါ်တွင်လည်း ကင်းစောင့်နေသော စစ်သားများ လက်ပစ်ဗုံး ပစ်သွင်းခံရပြီး ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၈

မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဂန့်​ဂေါမြို့ ခလရ ၅၀ မှထွက်ခွာလာသည့် အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ဂန့်ဂေါခရိုင်အမှတ် ၇ တပ်ရင်း ၊ အမှတ် ၁၁ တပ်ရင်း ၊ KKG တပ်ရင်း ၆ မဟာမိတ်ပူးပေါင်းတို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်​သား ၆ ဦးသေဆုံးကာ ၂၀ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း သိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့တွင် ခေါက်ခူရွာအနောက်မြောက်တောထဲတွင် ခလရ ၅၀ မှ ထွက်ခွာသော အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် အမှတ် ၇ တပ်ရင်း အမှတ် ၁၁ တပ်ရင်း၊ KKG တပ်ရင်း ၆၊ ဇိုတုန် CDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး မွန်းလွဲ ၂ နာရီ ၄၄ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ခေါက်ခူကျေးရွာ၌ တပ်စွဲထားကြောင်း PDF-GANGAW-တောင်ပိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

အလားတူ ကရင်ပြည်နယ်တွင် KNLA ပူးပေါင်း စစ်ကြောင်းနှင့် အကြမ်းဖက် စစ်တပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မြဝတီ မြို့နယ်အတွင်းရှိ လူခို့ ညောင်ချောင်း၌ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည့် KNLA တပ်ရင်း (၂၇) ကော်ဘရာ ပူးပေါင်း စစ်ကြောင်းနှင့် အကြမ်းဖက် စစ်တပ် တပ်မ (၄၄) လက်အောက်ခံ ခမရ (၂၀၇)တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲတွင် ကျော်ဝါးဘိုး ဘုရားကုန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး နှင့် ၁၂၂ မမ Four Tube ဒုံးပစ်လက်နက်ကြီးများဖြင့် ညနေ ၃ နာရီ ၃၀ မိနစ် အထိ ဆက်တိုက် ပစ်ကူပေးခဲ့ကြောင်း ယင်း ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မြဝတီမြို့နယ် တောင်နီကျေးရွာအနီး၌ အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄ လက်အောက်ခံ ခမရ ၁၀၄ အား KNLA တပ်ရင်း (၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း တပ်ခွဲ (၂) ပူးပေါင်း အဖွဲ့က စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းသို့ ပစ်ခတ် တိုက်ခိုက်ပြီးနောက် ဆုံဆည်းမြိုင်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဘလက်တိုကျေးရွာ အတွင်းရှိ ပြည်သူပိုင် နေအိမ် နှစ်လုံး ထိခိုက် ပျက်စီး ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း မြင်းမူမြို့ပေါ်ရှိ မြန်မာ့စီးပွားရေး ဘဏ်တွင် ကင်းစောင့်နေသည့် စစ်သားများ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကြောင်း သိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ခန့်တွင် မြင်းမူမြို့ပေါ်ရှိ မြန်မာ့ စီးပွားရေး ဘဏ်တွင် ကင်းစောင့်နေသည့် စစ်သားများ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ တပ်ရင်း(၇) မြင်းခြံခရိုင်နှင့် True Fighter အဖွဲ့တို့မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article