ရန်ကုန်၊ အောက်တိုဘာ ၂၉
စစ်ကိုင်းမြို့နယ်၊ မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယနေ့နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ် ဝင်ရောက်မီးရှို့နေသဖြင့် ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၄ နာရီအချိန် မြိုင်မြို့နယ်နှင့်ရေစကြိုမြို့နယ်နယ်အစပ် စိုင်သေကျေးရွာကို စစ်တပ်က စတင်မီးရှို့ပြီး စိုင်သေကျေး ရွာတွင် ကျေးရွာ၏အိမ်ခြေ သုံးပုံနှစ်ပုံခန့်မီးလောင်ကျွမ်းခံရကြောင်း ဒေသသတင်းရင်းမြစ် We Love Myaing က သတင်းဖော်ပြသည်။
” မနက် ၄ နာရီကတည်းက မီးရှို့တာ။ ရွာမှာ ထွက်ပြေးနိုင်တဲ့သူတွေလည်း ရှိပေမယ့် ကျန်ခဲ့သူတွေလည်း ရှိတယ်ပြောတယ်။ အသေးစိတ်ဘာမှ မသိရသေးဘူး။ ကျနော့် အမျိုးတွေရှိတယ်။ ရွာမှာ စိတ်ပူလို့” ဟု စိုင်သေကျေးရွာတွင် ဆွေမျိုးများရှိနေသူ ရန်ကုန်ဒေသခံတစ်ဦးက ပြောဆိုသည်။
အလားတူ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၆ နာရီအချိန် ရေစကြိုမြို့နယ် သံပြာချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း သိရှိရသည်။
“ရေစကြိုထဲက ရွာတွေက အဆက်အသွယ်ပြတ်နေတယ်။ အသေးစိတ်မသိရှိရသေးဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ထို့ပြင် ယနေ့ စစ်ကိုင်းမြို့အနောက်ဘက်ရှိ ကျေးရွာများအား ခြေလျင်စစ် ကြောင်း နှစ်ကြောင်းဖြင့် ဝင်ရောက်စီးနင်းပစ်ခတ်လျက်ရှိပြီး မအူပင်အနောက်ရွာကို မီးရှို့ နေကြောင်း၊ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရှိရသည်။
“စစ်ကိုင်းမြို့နယ် ကုန်းတန်းလေး၊ မအူပင်၊ ဆင်မြေ၊ ဒေါင်းမရွာတွေကို စစ်ခွေးတွေက မီးရှို့နေပါတယ်။ ဒီမနက် ၉ နာရီလောက်ကပါ။ ရွာနီးစပ်ကလူတွေလည်း တိမ်းရှောင်နေကြရပါတယ်။ ဒီကနေ့မနက် ၆နာရီလောက်ကနေ ပဲက တိုး ဘက်ကနေ စစ်ခွေးတွေက ကုန်းတန်းလေးရွာကို တက်လာခဲ့ပါတယ်”ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။