ရန်ကုန်၊ နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် တရားရုံးတွင် ပါဆယ်ဗုံးပေါက်ကွဲပြီး မြို့နယ်တွဲဖက်တရားသူကြီး ဘရန်ဆိုင်း သေဆုံးကြောင်း ကောလင်းဒေသသတင်းရင်းမြစ် Kawlin Info က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“တွဲဖက်တရားသူကြီး သေတာ။ ဗုံးကတော့ ပါဆယ်ဗုံးလား၊ ဘာဗုံးလဲတော့မသိဘူး။ ဖုန်းတွေခေါ်မရဘူး” ဟု Kawlin Info က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နံနက် ၉ နာရီအချိန်တွင် ကောလင်းမြို့နယ်တရားရုံးထံသို့ တရားသူကြီး ဘရန်ဆိုင်းအတွက် ပါဆယ်အထုပ် တစ်ထုပ်ရောက်ရှိလာပြီး ဖွင့်လှစ်စဉ် ဗုံးပေါက်ကွဲ၍ သေဆုံးခြင်းဖြစ်ကြောင်း စစ်တပ်ထောက်ခံသော လော်ဘီ သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
ကောလင်းဒေသခံတချို့ကမူ ကောလင်းမြို့နယ် တရားရုံးတွင် ယနေ့ နံနက် ၉ နာရီဝန်းကျင် ဗုံးပေါက်ကွဲမှုဖြစ်ပွားသည်မှာ မှန်ကန်ပြီး ပေါက်ကွဲမှုကြောင့် တရားရုံးတွင် လူ သေဆုံး ထိခိုက်မှုရှိသည်ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
အောက်တိုဘာလ ၅ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်တွင် မြို့ နယ် တရားသူကြီး ရာဇာမင်းစိုး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။
ဓာတ်ပုံ- ကောလင်းမြို့နယ် တွဲဖက်တရားသူကြီး ဘရန်ဆိုင်း။