ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးရွာဟောင်း (Kyawng Nu) ရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF မင်းတပ်ကြား ယနေ့ ဖေဖေါ်ဝါရီလ ၁၅ ရက်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဝမ္မသူး (Vom Thu) ရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း မင်းတပ် ပ.အ.ဖ က သတင်းထုတ်ပြန်သည်။
“တိုက်ပွဲက ဝမ္မသူးရွာဟောင်းရဲ့ အောက်နားလေးက ချောင်းအထက်ပေါ့၊ အဲဒီနေရာမှာ ဒီနေ့ မနက် ၁၀ နာရီကျော်လောက်မှာ ၁ ကြိမ်ဖြစ်တယ်၊ အဲဒါပြီးတော့ ခဏပြန်ငြိမ်သွားတယ်။ ၁၂ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီစစ်ကြောင်းက သူတို့ပါလာတဲ့ ၆၀ မမ တို့ ၈၁ မမ တို့နဲ့ ဝမ္မသူးရွာထဲကို ပစ်တယ်၊ မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်ကလည်း ရွာထဲကို ချိန်ပြီး လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ အခု ရွာထဲကို ဝင်လာပြီ ထင်တယ်” ဟု CDF မင်းတပ် ပြောခွင့်ရ ကိုယောမန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အဆိုပါ စစ်ကောင်စီတပ်သည် မင်းတပ်မြို့နှင့် ၁၈ မိုင်ခန့်ကွာဝေးသော ဝမ္မသူးရွာဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများသည် အနီးဝန်းကျင် ကျေးရွာများကပါ ကျယ်လောင်စွာကြားရပြီး မြေကြီးများပင် တုန်သွားကြောင်း သိရှိရသည်။
“မင်းတပ်မြို့ပေါ်က လှမ်းပစ်တဲ့ တာဝေးလက်နက်ကြီးတွေက တော်တော်ပြင်းတယ်၊ ကောင်းကင်တခုလုံး မိုးချိမ်းသံလိုပဲ၊ ၁၅ ရွာ ၁၆ ရွာလောက်ကကို အကျယ်ကြီးကြားရတာ။ ကျသွားတဲ့နေရာဆိုလည်း ငလျင်လှုပ်သွားသလိုပဲ၊ ၂ ရွာ ၃ ရွာ ခပ်လှမ်းလှမ်းမှာတောင် မြေကြီးတွေ တုန်သွားတယ်” ဟု ကိုယောမန်က ဆက်လက်ပြောဆိုသည်။
ယနေ့ ဝမ္မသူးရွာဟောင်းအနီးတိုက်ပွဲသည် လက်ရှိအချိန်တွင် ငြိမ်သက်သွားပြီး CDF မင်းတပ် တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း စစ်ကောင်စီဘက်မှ အသေအဆုံးစာရင်းကို အတည်မပြုနိုင်သေးကြောင်း CDF မင်းတပ်ထံမှ သိရှိရသည်။
လက်ရှိအချိန်တွင် မင်းတပ်မြို့နယ်အတွင်း၌ စစ်ကောင်စီပိုင် Mytel လိုင်းသာ အင်တာနက်ရရှိနေပြီး အခြားဖုန်းလိုင်းများမှာ ဆက်သွယ်၍ မရသလောက်နီးပါးဖြစ်နေကြောင်းလည်း သိရှိရသည်။
ဓါတ်ပုံ – မင်းတပ်မြို့နယ် ကျေးရွာများသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)
Photo Credit – HKL Mindat