ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၆
ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ကင်းပုန်းစခန်းများကို မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဖေဖေါ်ဝါရီလ ၁၆ ရက် နံနက်မှ စ၍ စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများပြင်းထန်နေကြောင်း၊ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ နေအိမ် ၁ လုံး မီးလောင်ပျက်စီးကြောင်း သတင်းရရှိသည်။”တိုက်ပွဲကတော့ မြို့ပေါ် နေရာအနှံ့မှာ ဖြစ်နေတာပေါ့နော်၊ စစ်ကောင်စီကင်းပုန်းတွေကို ကျနော်တို့ ဝင်ပစ်တယ်ပေါ့။ မွန်းလွဲပိုင်း လောက်မှာတော့ နှစ်ဖက်ပစ်ခတ်မှုက ပြင်းထန်တယ်၊ အကျအဆုံးတော့ မသိရသေးဘူး။ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ရင်းက လက်နက်ကြီးနဲ့ မြို့ပေါ်ကို ပစ်တယ်၊ နောက် ညောင်ဝိုင်း ဘီလူးချောင်းဘေးမှာ ထိုင်ထားတဲ့ စစ်ကောင်စီစခန်းကနေ ၆၀ မမ နဲ့ လှမ်းပစ်နေတယ်” ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။မိုးဗြဲတွင် နံနက် ၁၁ နာရီမှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီက ယနေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး နေအိမ် ၁ လုံး မီးလောင် ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။မိုးဗြဲ-ဖယ်ခုံလမ်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား စစ်ရေးတင်းမာနေပြီး ဒေသခံပြည်သူများအနေဖြင့် လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့နံနက်တွင် သတင်းထုတ်ပြန်ထားသည်။