ရန်ကုန်၊ ဒီဇင်ဘာ ၁၉
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ညောင်ကုန်း၊ ဂျုံးဂျုံးကျ၊ ပိန်းအင်းရွာအနီး တွင် ဒီဇင်ဘာလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိတိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၄၀ နီးပါးသေဆုံးခဲ့ကြောင်း Indaw Revolution – IR က ပြောသည်။
စစ်အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော မကွေးအခြေစိုက် တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ စစ်ကြောင်းကို KIA ၊ PDF ၊ အင်းတော် PDF တို့ က ပူးပေါင်း တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄၀ နီးပါး ထိခိုက် သေဆုံး မှုရှိကြောင်း၊ အထိနာသွားသော စစ်ကြောင်းကို ထီးချိုင့် မြို့ နယ်ဘက် တွင် လှည့်ပတ်မီးရှို့နေသော အကြမ်း ဖက်စစ်သား အင်အား ၂၀၀ နီးပါးခန့်ကို ထပ်မံ ပူးပေါင်းထားကြောင်း Indaw Revolution – IR မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။
“အင်အား ၇၀ လောက်ပဲပါတာ၊ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်တော့ အခု အင် အား ၃၀ လောက်ပဲရှိတော့ လို့ နောက်ထပ်အင်အား ၂၀၀ နီးပါးလောက် ထပ် ဖြည့်ထားတယ်၊ အခုကောင်တွေက ထီးချိုင့်မှာ မီးပတ် ရှို့ နေတဲ့ကောင်တွေ၊ မှန်ဘီလူးနဲ့ကြည့်တာတော့ အလောင်းတွေရော၊ ဒဏ်ရာရတဲ့ဟာတွေရော ထမ်း သယ်သွားတာမြင်ရတယ်၊ ထီးချိုင့်ဘက်လည်းသယ်သွားကြတယ်၊ သေဆုံးသွား တဲ့ စစ်ခွေး တွေကို နေအိမ်တွေနဲ့ရောပြီး မီးရှို့သွားတယ်လို့ကြားတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဂျုံးဂျုံးဂျရွာသစ်မှ နေအိမ် ၆ လုံးနှင့် စား သောက် ဆိုင်၂ ဆိုင်၊ ဂျုံးဂျုံးဂျရွာမမှ နေအိမ် ၁၁ လုံး၊ မအူကုန်းရွာမှ နေအိမ် အလုံး၂၀နှင့် ပိန်းအင်းရွာမှ နေအိမ် ၁ လုံး မီးရှို့ခံထားရပြီး ကျေးရွာ ၁၂ ရွာမှ ပြည်သူ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရ သည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦးကို အရှင်ဖမ်းမိ ထားကြောင်း၊ ပြည်သူ့ကာ ကွယ်ရေးရဲဘော်တစ်ဦး ရင်ဘတ်ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ဓာတ်ပုံ- အင်းတော်တွင် စစ်တပ်က မီးရှို့ဖျက်ဆီးထားသော ကျေးရွာများ။