ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာရှိ ချပ်သင်းရဲစခန်းကို ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၃နာရီ ၄၅ မိနစ်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယင်း စခန်းသို့ စစ်ကူလာသော စစ်ကောင်စီ စစ်ကြောင်းပါ မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၆ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ ချပ်သင်းရဲစခန်း တိုက်ခိုက်ခံရခြင်းကြောင့် ကန့်ဘလူမြို့ရှိ စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီး အဖွဲ့များ စစ်ကူလာရောက်ခဲ့ခြင်းဖြစ်ပြီး ချပ်သင်းကျေးရွာသို့ မရောက်မှီ မိုင်းဆွဲ တိုက်ခိုက် ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
” မနေ့က အောက်ဖက်က ပျူစောထီးနဲ့ စစ်ခွေး ကားတွေပါ အဲ့စခန်းဘက်ကို စစ်ကူလာရင်းမိုင်းဆွဲခံရတာ ဒီနေ့ ဆေးရုံပေါ်မှာ ထပ်သေတယ်လို့ပြောတယ်။ ရဲစခန်း တိုက်ခိုက်ခံရတဲ့သူတွေကော မိုင်းဆွဲ ခံရတဲ့သူတွေကော ကန့်ဘလူနယ်ထဲက ဆေးရုံတွေကို သူတို့ခွဲပြီး ခေါ်သွားကျတယ်။ ချပ်သင်း တိုက်နယ်ဆေးရုံမှာ တချို့ရှိတယ်လို့လည်း သိရပါတယ်” ဟု ဒေသခံ သတင်းရင်းမြစ်ဖြစ်သော Kawlin Info အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် ကောလင်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များပါ ချပ်သင်းကျေးရွာရှိ ရဲစခန်အား စစ်ကူ သွားရောက်ရန် ပြင်ဆင်နေကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။
Photo – AFP