စစ်တပ်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း (ဟိုပုံး)တွင် အကျင့်ပျက် ခြစားမှု၊ နီးစပ်ရာ လက်သင့် အခွင့်အရေးပေးမှု၊ အနိုင်ကျင့်ဗိုလ်ကျမှုများဖြင့် တပ်ပျက်နေ
ရန်ကုန်၊ ဇန်နဝါရီ ၁၀
စစ်တပ် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း (ဟိုပုံး)တွင် အကျင့်ပျက် ခြစားမှု၊ နီးစပ်ရာ လက်သင့် အခွင့်အရေးပေးမှု၊ အနိုင်ကျင့်ဗိုလ်ကျမှုများဖြင့် တပ်ပျက် နေကြောင်း ယင်းတပ်အတွင်းမှ သတင်းရင်းမြစ်တချို့က ပြောဆို သည်။
စစ်တပ် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း (ဟိုပုံး)တွင် အထက် အရာရှိ ဗိုလ်မှူးချုပ် သိန်းနိုင်၊ ဗိုလ်မှူးကြီး စောအောင်မျိုးနှင့် အောင်မျိုးသန့်၊ အခြား ဒုဗိုလ်မှူးကြီး ၁၃ ဦး စုစုပေါင်း စစ်အရာရှိ ၁၆ ဦး တို့၏ အကျင့်ပျက် ခြစားမှု လာဘ်စားများ ကျူး လွန်နေကြကြောင်း သင်တန်းသားတချို့က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
စစ်တပ် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း (ဟိုပုံး)တွင် ကျောင်း၏ဖွဲ့စည်းပုံအင်အားအဖြစ်-
၁ – ဗိုလ်မှူးချုပ် ၁ ဦး (သိန်းနိုင်)
၂ – ဗိုလ်မှူးကြီး ၂ ဦး ( စောအောင်မျိုး/အောင်မျိုးသန့် )
၃ – ဒုဗိုလ်မှူးကြီး ၁၃ ဦး
၄ – ဗိုလ်မှူး ၄၇ ဦး
၅ – ဗိုလ်ကြီး ၄ ဦး
၆ – တပ်ရေးဗိုလ်ကြီး ၄ ဦး
၇ – ဗိုလ်ကြီး ၁၆၈ ဦး
၈ – ဗိုလ် ၁၂ ဦး
၉ – အခြားအဆင့် ၃၄၇ ဦး + ၅၉၄ ဦး နဲ့
၁၀ – သင်တန်းသား ၁၃၀၀ ကျော် ရှိကြောင်း သိရှိရသည်။
ယင်းကျောင်းအတွင်း တာဝန်ခွဲဝေပေးရာတွင်လည်း ကျောသား၊ ရင်သား မခွဲခြား ဘဲ ပေးအပ်တာမျိုးမဟုတ်ဘဲ ကျောင်း၏ ထိပ်တန်းအရာရှိ ၁၆ ဦးက သိကျွမ်းသူများကို အလုပ်မခိုင်းဘဲ ပတ်သက်ဆက်နွယ်မှုမရှိသည့် အခြား အရာရှိနှင့် စစ်သည်များကို အလွန်အကျွံ အလုပ်ခိုင်းစေ တာဝန်ပေးခြင်း ဖြင့် မနိုင်ဝန်ထမ်းခိုင်းစေမှုများကို ခွဲခြားဆက်ဆံခံနေရသည်ဟု သိရှိရသည်။
အင်ဂျင်နီယာ တပ်ကြပ်များမွေးထုတ်ပေးသော ကျောင်းဖြစ်သော်လည်း အချို့သော နည်းပြဆရာများက အချို့သောသင်တန်းသားများနှင့်ပေါင်း၍ ကျောင်းအတွင်း အရက်၊ ဆေးလိပ်နဲ့ ဘီယာများ ရောင်းချခြင်းများကို ပြုလုပ် နေကြောင်း၊ နည်းပြများနှင့်ပေါင်း၍ စီးပွားရှာနေကြသည့် သင်တန်းသားများ မမှန်မကန် အကြံပြုသမျှကို နည်းပြဆရာများက ဆောင်ရွက် လုပ်ကိုင်ပေး နေကြကြောင်း သိရှိရသည်။
ကျောင်းစည်းကမ်းအရ သင်တန်းသားများ ဖုန်းကိုင်ဆောင်ခွင့် မရှိသော်လည်း လာဘ်ပေးနိုင်သော သင်တန်းသားများကို နည်းပြများမှ လက်တလုံးခြား အစီ အစဉ်များဖြင့် ကိုင်ဆောင်ခွင့်ပေးခြင်း၊ လာဘ်မပေးနိုင်သော သင်တန်းသားများ ကို အလျင်းသင့်သလို နိုင်စားခြင်း စသည့်သင်တန်းကျောင်းတခုနှင့် မအပ်စ ပ်သည့် အကြောင်းများစွာ ဖြစ်ပွားလျက်ရှိကြောင်း၊ ယင်းကဲ့သို့ စည်းမျဉ်း စည်း ကမ်း နှင့်မညီသော ဖြစ်စဉ်များ အကျင့်ပျက်ခြစားမှုများ စစ်ဆေး ပေါ်ပေါက် သော်လည်း တစုံတရာ အရေးယူဆောင်ရွက်ခြင်း မပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း (ဟိုပုံး)တွင် နည်းပြများမှ သင်တန်းသားများ၏ အသုံးစရိတ်များကို အလွဲသုံးစားပြုခြင်းများနှင့် ကျောင်း စည်း မျဉ်း၊ စည်းကမ်းများအရဆိုကာ သင်တန်းသားများ၏ လစာများထဲမှ အောက်ပါ အကြောင်းအရာများအတွက် ဖြတ်တောက်သုံးစွဲမှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။
(က) သင်တန်းသားများ၏ ဆံသစရိတ်ကို အလွဲသုံးစားလုပ်ခြင်း
(ခ) ကြံ့ခိုင်ရေးဌာနမှ လစဉ် ရံပုံငွေကောက်ခံခြင်း
(ဂ) တပ်ပြင်စည်းရုံးရေးစရိတ်ဖြတ်တောက်ခြင်း
(ဃ) စစ်ဗျူဟာ စစ်ရေးလက်နက်သင် စစ်ရေးပြဌာနများမှ စာမေးပွဲဖြေဆိုရန် စာရွက်စာတမ်းကြေးများ ဖြတ်တောက်ခြင်း
(င) နွားနို့ / ဒိန်ချဉ် ဖိုးများ ကောက်ခံခြင်း
(စ) ကြံ့ခိုင်ရေးဌာနမှူးနှင့် နည်းပြအရာရှိချုပ်တို့၏ လာဘ်စား/မတရားမှုများအဖြစ် သင်တန်းသား ၁၃၀၀ ကျော်ထံမှ တဦးလျှင် ၃၄၀၀၀ ကျပ်ကောက်ခံပြီး စုစုပေါင်း ကျပ်သိန်း ၄၄၂ သိန်းကျော်ခန့်ကို ကောက်ယူအလွဲသုံးစားလုပ်ခြင်း။
(ဆ) သာယာလှပရေးအတွက် ကောက်ခံခြင်း
(ဇ) ပစ္စည်းမျိုးစုံကို မယူမနေရ ရောင်းချခြင်း တို့ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ကျောင်းတွင် သင်တန်းသားများအတွက် သင်ကြားရေးအဆင်ပြေစေရန် ဘက်စုံသုံးရန်အတွက် ခွင့်ပြုထုတ်ပေးထားသည့် ကျပ်သိန်း ၆၀၀ နီးပါးကို အလွဲသုံးစားလုပ်နေသည့် သက်ဆိုင်ရာအကြီးအကဲများကိုလည်း မပြောရဲ မဆိုရဲ မတိုင်ရဲ ဖြစ်နေကြသည်ဟု သိရှိရသည်။
စစ်တပ်ပိုင် ဦးပိုင်အစုရှယ်ယာများကိုလည်း သတ်မှတ်ထားသည့် ငွေပမာဏ မပြည့်မချင်း ရိက္ခာငွေများမှ ဖြတ်တောက်၍ အတင်းအဓ္ဓမ သွင်းခိုင်းခြင်းများကို ပြုလုပ်လျက်ရှိကြောင်း၊ သင်တန်းသားများ၏ စားရိပ်သာမှ ပိုလျှံလာသော ရိက္ခာများကိုလည်း အရာရှိကြီးများ၏ ကိုယ်ကျိုးအတွက် အသုံးပြုခြင်း ဝက်ခြံ တွင်ဝက်များသေပါက စားရိပ်သာမှ ဘဏ္ဏာငွေဖြင့် နှစ်သီးစားရအောင် ကုလား ဖန်ထိုးဆောင်ရွက်ခြင်းကို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
အဆိုးဝါးဆုံး အခြေအနေမှာ သင်တန်းသားအချို့က မူးယစ်ဆေးဝါးများ သုံးစွဲနေ ကြ သော်လည်း အထက်အရာရှိအကြီးအကဲ အုပ်ချုပ်သူ နည်းပြများမှ မသိဟန်ဆောင် ခွင့်ပြုပေးနေသည့်အတွက် မူးယစ်ဆေးသုံးသူ သင်တန်းသား များ တနေ့ထက်တနေ့ တိုးပွားလာလျက်ရှိကြောင်း၊ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့) သင်တန်းဆင်းပွဲနေ့တွင် သုံးစွဲရန် ခွင့်ပြုငွေ ချပေး ထားသော်လည်း သင်တန်းသားများထံမှ ထပ်မံကောက်ခံသုံးစွဲရန် ကြိုတင် စီစဉ်နေမှု များလည်း ရှိကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်သည်အစားခန့် အရပ်သားများ၏ လစာများကိုလည်း အလွဲသုံး စားခြင်း၊ ခွင့်မဲ့စစ်သည်များကို ထိန်ချန်ပေးထားခြင်း များ ဖြစ်ပေါ်နေကာ မတော်မတရား စီမံအုပ်ချုပ်နေမှုများဖြင့် ကသောင်းကနင်းဖြစ်နေသည်ဟု သင်တန်းသားများက ဆိုကြသည်။
ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင် စစ်တပ်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်း (ဟိုပုံး)သို့ ရောက်ရှိခဲ့စဉ်။
