ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၂
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ဂွေးပင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီစခန်းကို TNLA နှင့် မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့တို့ ဖေဖေါ်ဝါရီလ ၁၄ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဗီဒီယိုကို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ယနေ့ ထုတ်ပြန်သည်။
မန္တလေး-မိုးကုတ် ကားလမ်း၊ ဂွေ့ပင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေး ဂိတ်စခန်းကို TNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ၂၆ ဦး သေဆုံးကာ ပူးပေါင်းတပ်ဘက်မှ ၂ ဦး ကျဆုံးခဲ့သည်။
ယင်းစခန်းကို TNLA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် တပ်ကူရန်လာရောက်ခဲ့သလို အနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဒေသခံလူထု ထိခိုက်မှုမရှိစေရန် ပူးပေါင်းတပ်ဖွဲ့က ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သတင်းရရှိသည်။