ရေးမြို့နယ် စစ်ဆင်ရေးတွင် ဖမ်းဆီးရမိသော ခမရ ၅၄၅ တပ်ရင်းမှ ဗိုလ်ကြီးမြတ်သူကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်းပေး
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲတွင် ဇန်နဝါရီလ ၄ ရက်နေ့ ဖမ်းဆီးရမိသော ခမရ ၅၄၅ တပ်ရင်းမှ ဗိုလ်ကြီးမြတ်သူကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်းပေးလိုက်ကြောင်း YGF- ရေးပျောက်ကျားတပ်ဖွဲ့ထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင်မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ကနင်ကမော့နှင့် အောင်သာယာကျေးရွာ အကြား၌ မော်လမြိုင်သို့ အာရှလမ်းမကြီးအတိုင်း မောင်းနှင်လာသည့် စစ်သားများလိုက်ပါလာသည့် Mark 2 ကား ၁ စီးကို ကာကွယ်ရေး တပ်ဖွဲ့များက စစ်ဆေးရန် ရပ်တန့်ခိုင်းစဥ် မောင်းပြေးသွားသောကြောင့် YGF – ရေးပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့မှ မိနစ် ၃၀ ခန့် ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ကားပေါ်မှ စစ်သား ၅ ဦး ဆင်းပြေးသွားပြီး ၄ ဦး လွတ်မြောက်သွားကာ ဗိုလ်ကြီး တစ်ဦး ဖမ်းဆီးရမိကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိသော ဗိုလ်ကြီးဆိုသူကို စိစစ်ရရာတွင် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ ခမရ ၅၄၅ တပ်ရင်းမှ ဗိုလ်ကြီး မြတ်သူဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဆီ လွှဲပြောင်းပေးအပ်လိုက်ကြောင်း၊ ၎င်းထံမှ လက်ပစ်ဗုံး သိမ်းဆည်းရမိကြောင်း သိရှိရသည်။