ကရင်ပြည်နယ်၊ ဝေါလေ-ထီးကပလယ် ကားလမ်းကို ယနေ့မှ စတင်၍ လုံး၀ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် KNDO က သတိပေးချက်ထုတ်ပြန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေရှိ ဝေါလေ-ထီးကပလယ် ကားလမ်းမကြီးကို လုံး၀ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် ကရင်အမျိုးသားကာ ကွယ်ရေးအဖွဲ့ KNDO က သတိပေးချက်ထုတ်ပြန်သည်။
ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ကာ ဝေါလေနှင့် ထီးကပလယ် လမ်းပိုင်းကို အရပ်သားအဖွဲ့အစည်း မည်သည့်ကား၊ ဆိုင်ကယ် မဆို လုံးဝ ဖြတ်သန်း သွားလာခွင့်မပြုကြောင်း၊ သတိပေး ထုတ်ပြန်ထားသည့် နေ့မှစ၍ တိုက်ပွဲပြီးဆုံးသည့် အချိန်အထိ မည့်သည့် အကြောင်း ကိစ္စမဆို ဖြတ်သန်းသွားလာခွင့် မပြုကြောင်းနှင့် လိုက်နာမှုမရှိပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အကျိုး ဆက်ကို တာဝန်ယူမည် မဟုတ်ကြောင်း KNDO အမှတ် ၈ တပ်ရင်း ဌာနချုပ် အမှတ် ၆ တပ်မဟာ ကော်သူးလေက ထုတ်ပြန်ထားသည်။
“ထီးကပလယ်-ဝေါ်လေ-မြဝတီ လမ်းက အာရှလမ်းမကြီးနဲ့တော့ မဆိုင်ဘူး။ အဲဒီလမ်းက သီးခြားတစ်လမ်း။ ဒေါနအရှေ့ဘက်ခြမ်း။မြဝတီ ကနေ လေးကေ့ကော် သေဘော်ဘိုး ဝေါ်လေ ပြီးရင် ထီးကပလယ် ရောက်ပြီ။ အဲဒီနေရာတွေက အခုလက်ရှိမှာ စစ်ရေး တင်းမာနေတဲ့နေရာတွေ” ဟု ကရင်ဒေသသတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်များရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကို တောက်လျှောက် ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။