25.9 C
Yangon

အကြမ်းဖက်စစ်ကောင်စီက နန်းမယ်ခုံအနီး လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်၊ဖယ်ခုံပြည်သူများ အသင့်အနေအထား ပြင်ဆင်ထားရန် ပအဖ အသိပေး ထုတ်ပြန်

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၃

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံအနီးဝန်းကျင်သို့ အကြမ်းဖက်စစ်ကောင်စီက ယနေ့ ဖေဖေါ်ဝါရီလ ၂၃ ရက် ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် လေကြောင်းမှတဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား ယနေ့တိုက်ပွဲသည် မိုးဗြဲတွင်သာမက ဒီးမော့ဆို၊ လွိုင်ကော်ဘက်ခြမ်းကိုပါ ကူးစက်လာနေကြောင်း၊ ကျေးရွာများနှင့် စစ်ရှောင်စခန်းများသို့ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ထိခိုက်မှုများရှိနေကြောင်း၊ ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲ-လွိုင်ကော်ကားလမ်း လင်ဖုံလေးလမ်းခွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ရင်း ၂ ထံမှ သိရှိရသည်။

ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီးကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်နေသည်မှာ ယနေ့ဆိုလျှင် ၈ ရက် ဆက်တိုက်ရှိနေပြီဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက ဆက်လက်ထိုးစစ်ဆင်လာနိုင်သောကြောင့် ရှမ်း-ကရင်နီအစပ် ဖယ်ခုံမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အရေးကြီးသော ပစ္စည်းများကို ယူဆောင်သွားနိုင်အောင် အသင့်အနေအထားတွင် ပြင်ဆင်ထားရန် ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဖေဖေါ်ဝါရီလ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူများ၏ အိုးအိမ်များကို အကြောင်းမဲ့ဖောက်ထွင်းခိုးယူခြင်းများ၊ မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်နေခြင်းကြောင့် ပြည်သူများ ဥစ္စာပစ္စည်းဆုံးရှုံးခြင်းများနှင့် အသက်လုံခြုံရေးကို ခြောက်လှန့်နေကြောင်း ဖယ်ခုံ ပအဖ က ဆိုသည်။

ပြည်သူများသည် စစ်ပွဲတွင် ကြိုတင်ပြင်ဆင်မှုအချိန် အလွန်နည်းသောကြောင့် အရေးကြီးပစ္စည်းများနှင့် အိုးအိမ်များ လက်လွတ်ဆုံးရှုံးနေရကြောင်း၊ စစ်ကောင်စီက ဆက်လက်ထိုးစစ်ဆင်လာနိုင်သောကြောင့် အရေးကြီးသော ပစ္စည်းများကို ယူဆောင်သွားနိုင်ရန် အသင့်ပြင်ထားရန်လိုအပ်ကြောင်း ဖယ်ခုံ ပအဖ က နှိုးဆော်ထားသည်။

ဓါတ်ပုံ – ယနေ့ညနေတွင် အကြမ်းဖက်စစ်ကောင်စီက နန်းမယ်ခုံကျေးရွာအနီးသို့ ဗုံးကျဲတိုက်ခိုက်နေစဉ်

Photo Credit – Karenni Guys

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article