ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၃
အကြမ်းဖက်စစ်ကောင်စီ၏ ရက်ဆက် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့အနီး တိုက်ပွဲများပြင်းထန်ခဲ့ပြီး နှစ်ဖက်အကျအဆုံးများခဲ့ကာ စစ်ကောင်စီတပ်သားများ လယ်ကွင်းများ၌ အုပ်စုလိုက် အမြောက်အများသေဆုံးနေသော ဓါတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည်။
မိုးဗြဲမြို့တောင်ဘက်ရှိ ဝါရီဆူးပလိုင်၊ ဝါသောခူ၊ ကပ္ပယ်ခူရွာဟောင်း၊ နန်းမယ်ခုံ အနီးတွင် စစ်ကောင်စီက စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများ ပြင်းထန်နေသည်မှာ ယနေ့ဆိုလျှင် ၈ ရက် ရှိပြီဖြစ်သည်။
တိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ၄၀ ခန့် ကျဆုံးခဲ့သလို အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၀၀ ဝန်းကျင်သေဆုံးကြောင်း မြေပြင်သတင်းများအရ သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲများပြင်းထန်နေသော အနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ဒေသခံအချို့ သေဆုံးဒဏ်ရာရကာ နေအိမ်အချို့လည်း မီးလောင်ပျက်စီးခဲ့သည်။
ဓါတ်ပုံ – တိုက်ပွဲများအတွင်း သေဆုံးနေသော စစ်ကောင်စီဘက်မှ အလောင်းများ (photo credit)