ခင်ဦး၊ မြင်းခြံနှင့် မတ္တရာတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်တပ်ဘက်မှ ၂၃ ဦးသေဆုံး
ရန်ကုန်၊ မတ် ၁၂
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မန္တလေးတိုင်း မြင်းခြံမြို့နယ်နှင့် မတ္တရာမြို့နယ်တို့တွင် စစ်ကောင်စီ စစ်ကြောင်းများကို PDF တပ်များက တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၃ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက ပြောသည်။
ခင်ဦးမြို့အဝင်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး ဒဏ်ရာရ
==========================================
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦးမြို့အဝင်၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ စစ်သား ၃ ဦးလဲကျကာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Royal Tiger Guerilla Force ထံမှ သိရသည်။
ယနေ့ မတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ရေဦးမြို့နယ်အတွင်းလှည့်လည်စစ်ကြောင်းထိုးပြီး မြစ် တော်ကျေးရွာတွင် ညအိပ်ကာ ခင်ဦးမြို့သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်သား ၁၀၀ ခန့်ကို ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကံသစ်ရွာနှင့်ခင်ဦးမြို့အကြားရှိ ပျားဂေဟာ အနောက်တွင် ရှေ့ထွက်မိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၃ ဦးနေရာမှာလဲကျသွားကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို Royal Tiger Guerilla Forceနှင့် ခင်ဦးမြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်သားများ လည်းခင်ဦးမြို့ပေါ်သို့ ရောက်ရှိသွားကြောင်း သိရသည်။
မြင်းခြံမြို့နယ် ဒရုန်းဖြင့် ဗုံးကျဲမှု၊ မိုင်းဆွဲမှုများကြောင့် စစ်သား ၆ ဦးသေ
=========================================
မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ် ကုက္ကဲရဲစခန်းကို မတ်လ ၉ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီး ၁၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးထက် မနည်း သေဆုံးကြောင်း Myingyan District Drone Strike က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ အဆောက်အအုံတွေလည်း ပျက်စီးပြီး ဒဏ်ရာရသူ တော်တော်များတယ်ဗျ။ ပါးဖောက်ထွက်ဒဏ်ရာနဲ့ တစ်ယောက်နဲ့ တစ်ယောက် လည်ပင်းပေါက်ထွက်ဒဏ်ရာနဲ့ တစ်ယောက်လည်း သေတယ်ဗျ။ အရင်ကဆို မြင်းခြံဆေးရုံပို့တာများတယ်။ သတင်းဖုံးချင်လို့ ဆေးရုံထဲကို မပို့တော့ဘဲ တပ်ထဲမှာပဲ မြေမြှုပ်လိုက်တာပါ။ Drone နဲ့ ချပြီးတော့ စစ်ကူကား ၇ စင်း တက်လာလို့ နောက်ဆုတ်ခဲ့ရပါတယ်” ဟု Myingyan District Drone Strike မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မြင်းခြံမြို့ပေါ်မှ ကား ၇ စီးဖြင့်ထွက်လာသော အကြမ်းဖက်စစ်သားများကို တူးရွင်းဘို့ရွာနှင့် သစ်ရုံအကြားတွင် PDF တပ်ပေါင်းစုများက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း Natogyi Regional Defense force- NRDF ထံမှ သိရသည်။
မတ်လ ၉ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က အဆိုပါ အကြမ်းဖက်စစ်ကားများကို Natogyi Regional Defence force –NRDF ၊ မြင်းခြံခရိုင် တပ်ရင်း ၁ ၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၃(27 revolution Forces) အဖွဲ့နှင့် ဗိုလ်စားပြောက် ကျားတပ်ဖွဲ့တို့ပူးပေါင်းကာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ပွဲဖြစ်ခဲ့ရာ 27 revolution Forces တပ်ဖွဲ့မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုများကို Myingyan District Drone Strike အဖွဲ့နှင့် မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မတ်လ ၁၁ ရက်နေ့တွင်လည်း မန္တလေးတိုင်း မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် ကုက္ကဲတောင်အရှေ့ဘက် စစ်တပ်သုံး ကားအောက်ပိုင်းထုတ်လုပ်ရေးစက်ရုံကိုလည်း Myingyan District Drone Strike အဖွဲ့နှင့် မဟာမိတ်အဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီပိုင် စက်ရုံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။
မတ္တရာတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို မိုင်းဆွဲမှု စစ်သား ၁၇ ဦး သေဆုံး
=========================================
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း တောကြီးမြွေပွေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ မတ်လ ၁၁ ရက် ညနေ ၇ နာရီခန့်အချိန် မတ္တရာမြို့မှ အနောက်ဘက်ခြမ်းသို့ အင်အား ၈၀ ခန့် ဖြင့် စစ် ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကြောင်းကို မြွေတလိုင်းကျေးရွာနှင့် မြွေဟင်္သာ ကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
“ခုတော့ ၆၀ ကျော်လောက်ပဲကျန်တော့တာ၊ မိုင်းဆွဲခံရတော့ ၁၂ ဘီးကား၊ ဖောကားတွေနဲ့ စစ်ကူ ရောက်လာတယ်၊ စစ်ခွေးတွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ရမ်းပစ်လို့ ရဲဘော်တစ်ချို့ တော့ထိခိုက်မှုရှိပါတယ်၊ မစိုးရိမ်ရပါဘူး၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာလည်း ထိတွေ့တိုက်ပွဲတွေ ၁၀ ကြိမ် ထက်မနည်းဖြစ်နေတယ်၊ မတ္တရာမြို့နဲ့အရမ်းနီးနေတော့ မြို့ကိုကာကွယ်ချင်လို့ စစ်ကြောင်းတွေ လှည့်ပတ်ထိုးနေတာ” ဟု တောကြီးမြွေပွေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အလားတူ ယနေ့ မတ်လ ၁၂ ရက် နေ့လည် ၁၂ နာရီခန့်တွင် မြွေကြည်ကုန်းကျေးရွာမှ စကျင်ကျေးရွာ စကျင် ကာကြားလမ်းအရောက် ထပ်မံမိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးပြီး အများအပြားထိ ခိုက်ဒဏ်ရာရရှိကာ သေဆုံးဒဏ်ရာရစစ်သားများကို လူနာတင်ကား ၃ စီးဖြင့် မတ္တရာမြို့သို့ အကြိမ်ကြိမ် သယ်ယူသွားကြောင်း သိရသည်။
ဓာတ်ပုံ- မန္တလေး PDF တပ်ဖွဲ့ဝင်များ။
