28 C
Yangon

စစ်ဗိုလ်ချုပ်များ၏ စီးပွားရေးအကြံပေး မင်းတေဇာညွန့်တင် ပစ်သတ်ခံရပြီးနောက် စစ်တပ်နှင့်မိတ်ဖက် စီးပွားရေး သမားများ အားလုံး ထွက်ပြေး တိမ်း ရှောင်၊ တချို့ လုံခြုံရေးဝန်ထမ်းများ ငှားရမ်းပြီး သေနတ်ကိုင်ဆောင်လာကြ

Must read

စစ်ဗိုလ်ချုပ်များ၏ စီးပွားရေးအကြံပေး မင်းတေဇာညွန့်တင် ပစ်သတ်ခံရပြီးနောက် စစ်တပ်နှင့်မိတ်ဖက် စီးပွားရေး သမားများ အားလုံး ထွက်ပြေး တိမ်း ရှောင်၊ တချို့ လုံခြုံရေးဝန်ထမ်းများ ငှားရမ်းပြီး သေနတ်ကိုင်ဆောင်လာကြ

ရန်ကုန်၊ မတ် ၂၄

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် စစ်ဗိုလ်ချုပ်များ၏ စီးပွားရေးအကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်တပ်နှင့်မိတ်ဖက် စီးပွားရေး သမားများ အားလုံး ထွက်ပြေး တိမ်းရှောင်နေကြ‌ပြီး တချို့သော စီးပွားရေးသမားများမှာ လုံခြုံ ရေး ဝန်ထမ်းများ ငှားရမ်းကာ သေနတ်များ ကိုယ်တိုင် ကိုင်ဆောင်လာကြကြောင်း ရန်ကုန်စီးပွားရေးသမားများထံမှ သိရှိရသည်။

မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ သန်လျင်မြို့ နယ် အမှုထမ်းရပ်ကွက်၊ ဖွံဖြိုးရေးလမ်း (ဖွံဖြိုးရေးလမ်းဆုံအနီး)တွင် အိမ်သို့ ကားဖြင့် မင်းတေဇာညွန့်တင် ပြန်လာစဉ် Urban Owls မြို့ပြပြောက်ကျားတပ် ဖွဲ့မှ တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ရာမှ ၎င်း ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

မင်းတေဇာညွန့်တင် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီနှင့်မိတ်ဖက် စီးပွားရေးသမားများအားလုံး နေရာပြောင်းရွှေ့ခြင်း၊ ပြည်ပ နိုင်ငံများသို့ ထွက်ခွာကြခြင်း၊ ပြည်တွင်းတွင် ဆက်လက် နေထိုင်ကြသည့် စစ်တပ် မိတ်ဖက် စီးပွားရေးသမားတချို့မှာလည်း လုံခြုံရေးဝန်ထမ်းများ ထပ်မံ တိုးမြှင့် ငှားရမ်းခြင်း၊ ကိုယ်တိုင် သေနတ်များ ကိုင်ဆောင်ကြခြင်းများ လုပ်ဆောင်လာကြကြောင်း သိရှိရသည်။

“မင်းတေဇာညွန့်တင် အသတ်ခံလိုက်ရတာ စစ်တပ်နဲ့ အလုပ်လုပ်နေတဲ့ စီးပွားရေးသမားတွေ အကုန် ထိတ်လန့်ကုန်ကြတယ်။ တကယ် က မနှစ် စက်တင်ဘာလ ဗိုလ်မှူးချုပ်(ငြိမ်း) အုန်းသွင် အသတ်ခံရကတည်းက စီးပွားရေးသမားအသိုင်းအ၀ိုင်းမှာ ထိတ်လန့်ပြီးတော့ နေအိမ်တွေပြောင်း၊ ပြည်ပ ထွက်သူထွက်၊ လုံခြုံရေးငှားသူ ငှားလုပ်ကြတာ။ အခု မင်းတေဇာညွန့်တင် အသတ်ခံရတော့ ပိုဆိုးကုန်ကြတယ်။ အထူးသဖြင့် ဆီသမားတွေ၊ အထည်ချုပ်၊ UMFCCI အသင်းဝင် စီးပွားရေးသမားတွေ အကုန် လန့် ကုန်ကြတာ” ဟု ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။

စစ်ကောင်စီနှင့်မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များတွင် မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံနှင့် တွဲဖက်လုပ်ကိုင်နေကြသည့် စီးပွားရေးသမားတချို့မှာ စစ်တပ်ထံမှ လုံခြုံရေး တပ်သားများ ပေးအပ်ထားမှုများ ရှိကြောင်း စုံစမ်းသိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ခွင့် ပြုထားရာတွင် စစ်တပ်နှင့် မိတ်ဖက် လုပ်ကိုင်နေသော စီးပွားရေးသမားအများစုလည်း လက်နက်ကိုင်ဆောင်ခွင့်ရရှိထားကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- မတ်လ ၂၄ ရက်နေ့ ပစ်ခတ်ခံရပြီး သေဆုံးသွားသော မင်းတေဇာညွန့်တင်နှင့်ကား။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article