30 C
Yangon

ကရင်ပြည်နယ်၊ စစ်ကောင်စီ၏ ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာ သင်္ကြန်မဏ္ဍပ်များတွင် လုံခြုံရေး အထူးတပ်ဖွဲ့များ ချထားမည်ဖြစ်ပြီး မသင်္ကာသူမှန်သမျှကို ပစ်ခတ်ဖမ်းဆီးခွင့်ရှိသည့် ပစ်မိန့် တစ်ပါတည်း ပေးအပ်

Must read

ကရင်ပြည်နယ်၊ စစ်ကောင်စီ၏ ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာ သင်္ကြန်မဏ္ဍပ်များတွင် လုံခြုံရေး အထူးတပ်ဖွဲ့များ ချထားမည်ဖြစ်ပြီး မသင်္ကာသူမှန်သမျှကို ပစ်ခတ်ဖမ်းဆီးခွင့်ရှိသည့် ပစ်မိန့် တစ်ပါတည်း ပေးအပ်

ရန်ကုန်၊ ဧပြီ ၁၀

ကရင်ပြည်နယ်၊ မြို့တော် ဘားအံတွင် ကျင်းပပြုလုပ်မည့် စစ်ကောင်စီ ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာ သင်္ကြန်မဏ္ဍပ်များတွင် လုံခြုံရေး အထူး တပ်ဖွဲ့များ ချထားမည်ဖြစ်ပြီး မသင်္ကာသူမှန်သမျှကို ပစ်ခတ် ဖမ်းဆီးခွင့် ပစ်မိန့် ပေးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ဧပြီလ ၁၃ ရက်နေ့ စတင်မည့် သင်္ကြန်အကြိုနေ့မှစတင်၍ သင်္ကြန်အတက်နေ့ ၁၆ ရက်နေ့ အထိ ကရင်ပြည်နယ်၏ မြို့တော် ဘားအံတွင် သင်္ကြန်ကို မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သော်လည်း အထူး လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်း တာဝန်ပေးကာ လုံခြုံရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုံခြုံရေး ဆောင်ရွက်ရာတွင်လည်း တင်းကျပ်သော စည်းမျဉ်းများဖြင့် ပစ်မိန့်ပါ တစ်ပါတည်း ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သင်္ကြန် မဏ္ဍပ် လုံခြုံရေးယူတဲ့ စစ်ဘက်နဲ့ရဲဝန်ထမ်းတွေကို သေနတ်နဲ့ ကျည်အပြည့်ထည့်ပေးထားမယ်၊ မသင်္ကာရင် ပျော်ရွှင်နေတဲ့ လူအုပ်စုကို အန္တရာယ်ပြုမယ်လို့ မသင်္ကာရင် တစ်ပါးတည်း ဖမ်းဆီးပစ်သတ်ခွင့်ပေးထားလိုက်ပါတယ်။ ဒါကလည်း နစက ထိပ်ပိုင်းကနေ လာတဲ့ ညွှန်ကြားချက်ဖြစ်တယ်လို့ နယ်လုံဝန်ကြီးနဲ့ ဝန်ကြီးချုပ်တို့က တရားဝင် ထုတ်ပြောတယ်လို့သိရပါတယ်။ စစ်တပ်၊ ရဲ ၊စစစ ၃ ဦးစီ အရာရှိတို့ကို အတွင်းစည်း တာဝန်၊ စစ်တပ်၊ရဲ အခြားဆင့် ၁၀ဦးနဲ့ အရာရှိတစ်ဦးတို့ကို အပြင်စည်းတာဝန်ပေးအပ်ပါတယ်။ အဲဒါ ဗဟိုမဏ္ဍပ်နဲ့ ဌာနဆိုင်ရာ မဏ္ဍပ် လုံခြုံရေးတွေအတွက်ပါ” ဟု ကရင်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ်ရုံးနှင့် နီးစပ်သော သတင်းရပ်ကွက်က ပြောသည်.

သင်္ကြန်မဏ္ဍပ်များကို လုံခြုံရေးပေးရာတွင် ဘားအံမြို့နယ်ရှိ ပြည်နယ်သင်္ကြန်ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာ မဏ္ဍပ်များကိုသာ လုံခြုံရေးပေးမည်ဖြစ်ပြီး အခြားသော ရပ်ကွက်များရှိ ရေကစားမဏ္ဍပ်များကိုမူ အရန်မီးသတ်၊ ပျူစောထီးနှင့် စစ်မှုထမ်းဟောင်းများကို နေ့စားခ တစ်ရက် ၃၀၀၀ ဖြင့် လုံခြုံရေး ချထားမည်ဖြစ်ကြောင်း သိရှိရသည်။

“မြို့နယ်တွေမှာတော့ အရန်မီးသတ်၊ အရပ်ထဲက လူငယ်တွေကို မီးသတ်ဝတ်စုံဝတ်ခိုင်းပြီး အရက်၊ ဆေးလိပ်အ ပြည့်အစုံ၊ နေ့စားခ ၃ထောင်နဲ့ လုံခြုံရေးယူခိုင်းထားတယ်။ ရပ်ကွက်အုပ်ချုပ်ရေး ရာအိမ်မှူးတွေကတော့ လုံခြုံရေးမှူးတွေ ဖြစ်မယ်” ဟု ဘားအံမြို့မှ ပြည်သူတစ်ဦးက ဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ယခုနှစ်သင်္ကြန်ကို မဖြစ်မနေ စည်ကားသိုက်မြိုက်စွာ ကျင်းပရန် အတင်းအကျပ် ဖိအားပေး တိုက်တွန်းလျက်ရှိပြီး ပုံစံမျိုးဖြင့် လူစည်ကားရေး လုပ်ဆောင်ရန် ပြည်နယ်/တိုင်းစစ်ကောင်စီကို ဖိအားပေးထားသည်ဟု သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် ဘားအံမြို့ပေါ်ရှိ ရေကစားမဏ္ဍပ်တချို့တွင် လူမရှိဖြစ်နေသည့် မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article