ဆားလင်းကြီးတွင် သင်္ကြန်ကာလ စစ်တပ်စစ်ကြောင်းများ စစ်ကူတက်လာ၍ ပြည်သူ ၅၀၀၀ ကျော် ညတွင်းချင်း စစ်ဘေးရှောင်ရ
ရန်ကုန်၊ ဧပြီ ၁၄
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာ သင်္ကြန်ကာလအတွင်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလားသဖြင့် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းကျေးရွာတချို့မှ ပြည်သူ ၅၀၀၀ ကျော် ညတွင်းချင်း စစ်ဘေးရှောင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဧပြီလ ၁၃ ရက်နေ့ ညပိုင်းတွင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ညောင်ပင်ကြီးရဲစခန်းတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့မှုဖြစ်ပြီး ယင်းထိတွေမှုကြောင့် ဒေသခံများ တိမ်းရှောင်နေရကြောင်း၊ မုံရွာမှစက်လှေ၂စီးဖြင့် ကူးလာသည့် စစ်ကူများကလည်း ညောင်ပင်ကြီးရဲစခန်းထဲသို့ အင်အားလာဖြည့်ကြောင်း သိရှိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ညောင်ပင်ကြီးရဲစခန်းအတွင်းသို့ ၄၀ မမ ၊ ၆၀မမ များဖြင့် ၃နာရီခန့်ပစ်ခတ်ခဲ့ကြောင်း၊ ထို့ကြောင့် ညောင်ပင်ကြီး ရဲစခန်းအနီးနားရှိ ကျေးရွာ၉ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။