ဇဗ္ဗူသီရိမြို့နယ်ရှိ ရဲတပ်ဖွဲ့ ဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်
ရန်ကုန်၊ ဧပြီ ၁၆
နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့ ဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း စစ်တောင်းမြို့ပြ ပြောက်ကျားအဖွဲ့ (နေပြည်တော်) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၅၈ မိနစ်ခန့်တွင် ဇမ္ဗူသီရိမြို့နယ်၊ အဆင်မြင့်ဈေးအနီး၊ ဘဏ်များလမ်း၊ ကျေးလက် ဖွံ့ဖြိုးရေးဘဏ်အကျော်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲ ၆ ဦး ခန့်ရှိသည့် ဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” ဒီတိုက်ခိုက်မှုဟာ ကန့်ဘလူ ပဇီကြီးကျေးရွာမှာရှိတဲ့ အပြစ်မဲ့ ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့အတွက် တုန့်ပြန် တိုက်ခိုက်ခဲ့တာပါ။ အဲဂိတ်မှာ ရဲ ၆ ဦးလောက်ရှိတယ်။ ထိခိုက်သေဆုံးမှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး” ဟု စစ်တောင်းမြို့ပြ ပြောက်ကျားအဖွဲ့ (နေပြည်တော်) မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို စစ်တောင်းမြို့ပြ ပြောက်ကျားအဖွဲ့ (နေပြည်တော်) နှင့် ကိုနောင် (တာ၀န်ခံ) ဦးဆောင်သည့် ဒက္ခိဏသီရိ မြို့နယ် ပြည်သူ ကာကွယ်ရေး အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။