ကျောက်ကြီးတွင် KNU နှင့် PDF ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှု၊ နောင်ချို တွင် PDF တပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ ၁၂၁ ဦးအထိရှိ
ရန်ကုန်၊ ဧပြီ ၂၃
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် KNU နှင့် PDF တပ်များ၏ တိုက်ခိုက်မှု၊ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် PDF တပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ ၁၂၁ ဦးအထိရှိကြောင်း သက်ဆိုင်ရာ PDF တပ်ရင်း တပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဧပြီလ ၂၂ ရက်နေ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီစခန်း ၄ ခုကို KNLA နှင့် PDF ပူးပေါင်းတပ်များတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် ၂၁ ဦးသေဆုံးကြောင်း၊ ကျောက်ကြီးမြို့နယ် အတွင်း စစ်ကောင်စီစခန်းများဖြစ်သည့် ရန်ကြီးအောင်စခန်း ညောင်ကုန်းစခန်း နောင်ကုန်းစခန်း ကျွန်းစခန်း များကို KNLA နှင့် PDF ပူးပေါင်းဗျူဟာ စစ်ကြောင်းများက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းတွင် Spring Warriors Column ၊ Royal Peacock Column နှင့် တပ်မဟာ ၃ နယ်မြေရှိ PDF စစ်ကြောင်းများ ပူးပေါင်း ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် အစပ်တွင် ဧပြီလ ၅ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများ တွင် စစ်ကောင် စီဘက်မှ ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း အပါအဝင် စစ်တပ် ဘက်မှ ၁၀၀ ဦးဝန်းကျင်သေဆုံးကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။
ဧပြီလ ၅ ရက်နေ့ မှ ၂၂ ရက်နေ့အထိ နောင်ချိုမြို့နယ်နှင့်ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသ များတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) (မန္တလေး)နှင့် စစ်ကောင်စီတပ် များ အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်ဘက်မှ အင်အား ၉၀၀ နှင့် ၁၀၀၀ အကြားရှိခဲ့ကြောင်း ၊ ၁၈ ရက်တာတိုက်ပွဲအတွင်း တစ်နေကုန် ရင်ဆိုင် တိုက်ခိုက်ရသော တိုက်ပွဲကြီး ၄ ကြိမ်နှင့် တိုက်ပွဲငယ် ၁၈ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၂၂ ရက်နေ့တွင် မြေပြင်သတင်းအရ စစ်ကောင်စီတပ် အခြေ ပြု တပ်စွဲထားသည့် ခလရ ၁၄၇ စခန်းကုန်းသို့ နံနက် ၃ နာရီခန့်တွင် ချဥ်းကပ်ခဲ့ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သားများက စခန်းကုန်း စွန့်ခွာ ထွက်ပြေးသဖြင့် PDF တပ်ဖွဲ့ဝင်များက စခန်းကို အစားထိုး နေရာယူသိမ်းပိုက် ခဲ့ကြောင်း၊ ထို့နောက် PDF တပ်များက စခန်းသိမ်းထားစဉ် အိမ်စီးကား ၂ စီး ရောက်ရှိ လာရာ ကားပေါ်တွင် စစ်ယူနီဖောင်းဝတ်တစ်ဦး ပါလာသဖြင့် တားမြစ် စစ်ဆေးခဲ့ကြောင်း၊ ကား မရပ်ပေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ကားပေါ်မှ ခလရ ၁၄၇ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းကို သက်သေခံ ပစ္စည်းများ နှင့်တကွ အသေဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၂၂ ရက်နေ့တွင်ပင်နောင်ချိုမြို့ပေါ်ရှိရန်သူ့တပ်၏ခလရ ၁၁၄ နှင့်ခလရ ၁၁၅ တို့ကို ရှော့တိုက်ဒုန်း များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခလရ ၁၁၄ တပ်ဝန်းအတွင်းသို့ ကျရောက် ပေါက်ကွဲပြီး စစ်သား ၅ ဦးသေ ဆုံး ခဲ့ကြောင်း၊ ခလရ ၁၁၄ ဒုတပ်ရင်းမှူး သေဆုံးသည်ဟု သိရှိရသော်လည်း ဆက်လက် စုံစမ်း နေဆဲဖြစ်ကြောင်း NUG က သတင်းထုတ်ပြန်သည်။
၁၈ ရက်တာ တိုက်ပွဲကာလအတွင်း ခလရ ၁၄၇ တပ်ရင်းမှုး ဒုတိယဗိုလ်မှူးကြီး တစ်ဦး ၊ ခလရ ၂၅၈ မှ တပ်ခွဲမှုး ဗိုလ်ကြီးတစ်ဦးနှင့်ခလရ ၂၅၃ မှ တပ်ခွဲမှုး ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်ကောင်စီဘက်မှ ၁၀၀ ဦး ဝန်းကျင်ထိ သေဆုံး ခဲ့ပြီး ခလရ ၂၅၃ မှ စစ်ကြောင်းမှူးအပါအဝင် အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၁ ဦး အသက်ပေးလှူခဲ့ရပြီး ထိခိုက်ဒဏ်ရာရမှု တစ်ချို့ ရှိခဲ့ကြောင်း သိရှိရသည်။