စစ်ကောင်စီသင်္ကြန်စည်ကားရေး မြိတ်မြို့ဗဟိုမဏ္ဍပ်ဆောက်လုပ်မှုအတွက် ဦးဆောင်သူ ဦးစောဂျက်နှင့်ဇနီး ကားပေါ်တွင် ဗုံးပေါက်ကွဲပြီး သေဆုံး
ရန်ကုန်၊ ဧပြီ ၂၃
တနင်္သာရီတိုင်း၊ မြိတ်မြို့ ဗဟို မဏ္ဍပ် ဆောက်လုပ်ရာတွင် ဦးဆောင်ပါဝင်ခဲ့ သည့် ဦးစောဂျက်နှင့်ဇနီးတို့သည် ကားပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ၂ ဦးလုံးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် မြိတ်မြို့၊ ကန်ဖျား လမ်းမ ကြီး၊ ဦးမြတ်လေး ပန်းခြံ အနီးတွင် မြိတ်မြို့ ဗဟို မဏ္ဍပ် ဆောက်လုပ်ရာတွင် ဦးဆောင် ပါဝင်ခဲ့သည့် ဦးစောဂျက်နှင့် ဇနီးတို့ ကားမောင်းလာစဉ် ကားပေါ်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၂ ဦးလုံးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
” အခုသေသွားတဲ့ လင်မယားက မြိတ်ဗဟို မဏ္ဍပ်ကို ဦးဆောင် ဆောက် လုပ် ခဲ့တဲ့ သူတွေ စစ်ခွေး ဘောမတွေပါ။ ပါဆယ်ဗုံးနဲ့ တိုက်ခိုက်တာလား။ ဘယ်လို လဲတော့ မသိဘူး။ သေချာတာကတော့ အဲကားထဲကပဲ ပေါက်ကွဲမှု ဖြစ်ပြီး ၂ ဦးလုံးပွဲချင်းပြီးသေတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။
လက်ရှိတွင် စစ်တပ်က မြိတ်မြို့ကို ပိတ်ဆို့ စစ်ဆေးနေသည့်အပြင် စုံစမ်း စစ် ဆေး မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။