30 C
Yangon

မြန်မာအရေးကြောင့် Total၊ Chevron အပါအဝင် စွမ်းအင်ကုမ္ပဏီကြီးများ ရင်းနှီးမြှုပ်နှံသူများ၏ ဖိအားပေးမှုနှင့် ရင်ဆိုင်နေရ

Must read

By ရန်ကုန်ခေါတ်သစ်

နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့ရဲ့လုပ်ငန်းများနဲ့ ပတ်သက်၍ ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဆက်သွယ်မေးမြန်း ဖိအားပေးခြင်းများနဲ့ သိသိသာသာ ရင်ဆိုင်လာရဖွယ်ရှိပြီး ရင်းနှီးမြှုပ်နှံသူများရဲ့ အာရုံစိုက်မှုဗဟိုချက်သို့ ရောက်ရှိလာနေပြီ ဖြစ်တယ် လို့  Responsible Investor (RI) သတင်းမှာ ဖော်ပြလိုက်ပါတယ်။ 

အဆိုပါစွမ်းအင်ကုမ္ပဏီကြီးတွေဟာ မြန်မာနိုင်ငံတွင်းရှိ ၄င်းတို့ရဲ့ လုပ်ငန်းတွေနဲ့ပတ်သတ်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ကြုံတွေ့လာရသလို၊ မေးခွန်းထုတ်မှုတွေနဲ့လည်း ရင်ဆိုင်လာရတာလည်း ဖြစ်ပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ရက်စက်ကြမ်းကြုတ်လှတဲ့ ဖြိုခွင်းမှုများကြောင့် အပြစ်မဲ့ပြည်သူအများအပြား သွေးချောင်းစီးရတဲ့ ဖြစ်ရပ်တွေဟာ ဆက်တိုက်ဆိုသလို ဖြစ်လာပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအတွက် နိုင်ငံခြားအစိုးရများရဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများနဲ့အတူ နိုင်ငံတကာရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေဟာလည်း  ဆက်တိုက်ဆိုသလိုပဲ ဖြစ်ပေါ်လာပါတယ်။ 

ဒီလိုရက်စက်တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံအတွင်း လုပ်ကိုင်နေတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအနေနဲ့  ရင်းနှီးမြှုပ်နှံမှုများ ရုတ်သိမ်းခြင်းအချို့ အပါအဝင် တုန့်ပြန်မှု အများအပြားကိုလည်း ဖြစ်ပေါ်လာစေခဲ့ပါတယ်။

အခုအချိန်မှာတော့ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးတွေအနေနဲ့ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေများအပေါ် စောင့်ကြည့် ဆက်သွယ်မေးမြန်းမှုများ စတင်ဖြစ်ပေါ်လာပြီးနောက်ပိုင်း ၄င်းတို့ဟာ တာဝန်သိ ရင်းနှီးမြှုပ်နှံခြင်း ဆိုတဲ့ ခေါင်းစဥ်အောက်မှာ အသေးစိတ် မျက်စိဒေါက်ထောက် စောင့်ကြည့်ခံနေရပြီဆိုတာ နားလည်လက်ခံလာရပြီပဲ ဖြစ်ပါတယ်။

တဆက်ထဲမှာပဲ TotalEnergies (Total)နဲ့ Chevron  အပါအဝင် စွမ်းအင်ကုမ္ပဏီကြီးများနဲ့  ကုမ္ပဏီတွင်း ရင်းနှီးမြှုပ်နှံထားသူများအကြား အရေးပါတဲ့ ဆွေးနွေးမှုများ ဖြစ်ပေါ်လျက်ရှိနေပြီး၊ ယခုနှစ်အတွင်း တိုးမြှင့်လုပ်ဆောင်လာနိုင်တယ်လို့လည်း RI မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် Sycomore Asset Management အပါအဝင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ၃၅ ခုက များစွာသော အန်ဂျီအိုများနဲ့အတူ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက Total နှင့် ဆက်သွယ်မေးမြန်းမှုများ လုပ်ဆောင်လျက်ရှိနေတယ် လို့ လည်း ဆက်လက်ဖော်ပြထားပါတယ်။

ပြင်သစ်ရေနံကုမ္ပဏီကြီးဖြစ်တဲ့ TOTAL ဟာ ရင်းနှီးမြှုပ်နှံသူအဖွဲ့အစည်းများ အဓိက စိုးရိမ်ပူပန်တဲ့ “မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) နှင့် ဖက်စပ်လုပ်ကိုင်နေတဲ့  ၎င်းရဲ့ လုပ်ငန်းများမှ အခွန်ဝင်ငွေတွေ MOGE ကတဆင့် အာဏာသိမ်း စစ်ကောင်စီထံ  စီးဝင်နေတယ်၊ ဒါဟာ  စစ်ကောင်စီကို ဘဏ္ဍာငွေအကူအညီများ ပေးအပ်နေတာပဲဖြစ်တယ်” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

MOGE နှင့်အတူ လုပ်ကိုင်ဆောင်ရွက်တဲ့  Moattama Gas Transportation Company (MGTC) မှ အမြတ်ငွေပေးချေမှုများကို ဆိုင်းငံ့ထားပြီးဖြစ်ကြောင်း Total ကုမ္ပဏီက ၎င်းရဲ့ ဝဘ်ဆိုဒ်မှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ထိုအချိန်က တက်ကြွလှုပ်ရှားတဲ့ အန်ဂျီအိုအဖွဲ့ဖြစ်တဲ့ Justice for Myanmar က “၎င်းတို့အနေနဲ့ အဆိုပါ ဆုံးဖြတ်ချက်ကို သတိထား ကြိုဆိုကြောင်း၊ ဒါပေမဲ့  ဒီအမြတ်ငွေက မြန်မာနိုင်ငံအတွင်း Total ရဲ့ လုပ်ငန်းများမှ စစ်ကောင်စီ ရရှိနေတဲ့ အခွန်ဝင်ငွေနဲ့ ယှဥ်ရင် သေးငယ်တဲ့ အစိတ်အပိုင်းသာ ဖြစ်တယ်။ စစ်ကောင်စီ ရရှိနေတဲ့ သဘာဝဓတ်ငွေ့နဲ့ ပတ်သက်တဲ့ အခွန်ဝင်ငွေတွေထဲမှာ  အစိုးရရဲ့ ရှယ်ယာအချိုး၊ ခိုင်ကြေးများနဲ့ ကော်ပိုရိတ် ဝင်ငွေခွန်တွေ ပါဝင်တယ်” လို့ ပြောကြားခဲ့ပါတယ်။

“ရင်းနှီးမြှုပ်နှံသူများအနေနဲ့ Total လုပ်ငန်းများမှ အဆိုပါဝင်ငွေတွေဟာ MOGE ထံ ရောက်ရှိမှာဖြစ်ပြီး၊ ထိုမှတဆင့် စစ်တပ်ကို ငွေကြေးထောက်ပံ့နေတာမျိုး ဖြစ်မှာကို စိုးရိမ်ပူပန်ကြောင်း၊ ဒါကြောင့် ဒီအခွန်ဝင်ငွေများအပေါ် ထုတ်ဖော်ပြောကြားဖို့ ကျွန်ုပ်တို့ တောင်းဆိုနေတာ ဖြစ်တယ်” ဟု ESG Research မှ ဒုတိယအကြီးအကဲ Anne-Claire Imperiale က ရှင်းပြပါတယ်။ 

အဆိုပါလုပ်ငန်းမှာ ပါဝင်နေတဲ့  အခြားရင်းနှီးမြှုပ်နှံမှု အဖွဲ့တစ်ခုဖြစ်တဲ့ နော်ဝေပင်စင်ရံပုံငွေ KLP ရဲ့ တာဝန်သိရင်းနှီးမြှုပ်နှံမှုများ (Responsible Investments) ဆိုင်ရာ ခေါင်းဆောင်ဖြစ်သူ Kiran Aziz က “ရင်းနှီးမြှုပ်နှံသူများအတွက် အဆိုပါရေနံနှင့် သဘာဝဓါတ်ငွေ့ကုမ္ပဏီကြီးနဲ့ MOGE တို့ရဲ့ ဆက်ဆံရေးကို နားလည်ဖို့၊ ပတ်သက်ဆက်နွှယ်နေတဲ့ ငွေပေးချေမှု မှန်သမျှ ပွင့်လင်းမြင်သာမှုရှိဖို့ အရေးကြီးပါတယ်” ဟု RI သို့ ပြောကြားခဲ့ပါတယ်။

အဆိုပါအဖွဲ့အစည်းများက လက်ရှိမြန်မာနိုင်ငံတွင်းရှိ ရင်းနှီးမြှုပ်နှံမှုများနဲ့ပတ်သက်ပြီး Total ကုမ္ပဏီသို့ စာနှစ်စောင်ပေးပို့ခဲ့ပြီး၊ ပထမပေးစာမှာ Total အနေနဲ့ အောက်ဖော်ပြပါ အချက်တွေကို အကောင်အထည

်ဖော်ပေးလိမ့်မယ်လို့   ၄င်းတို့အနေနဲ့ မျှော်မှန်းထားကြောင်း ဖိအားပေး တောင်းဆိုခဲ့ပါတယ်။

◾️ပေးချေရမည့် အခွန်များ၊ အမြတ်ခွဲဝေမှုများနဲ့ ခိုင်ကြေး စတာတွေကို တရားဝင် ဒီမိုကရေစီနည်း ကျ ရွေးချယ်တင်မြှောက်တဲ့ အစိုးရတစ်ရပ် ပြန်လည်ပေါ်ပေါက်လာတဲ့အချိန်အထိ စစ်ကောင်စီ လက်လှမ်းမမှီနိုင်တဲ့ escrow account တစ်ခုမှာ သိမ်းဆည်းထားရန်။

◾️MOGE နဲ့  Total တို့ရဲ့ လုပ်ငန်းစာချုပ်များ (ပိုက်လိုင်းလုပ်ငန်းများအပါအဝင်) နှင့် ဆက်စပ်ငွေပေးချေမှုများ နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားမှုများကို တိုးမြှင့်လုပ်ဆောင်ရန်။ 

◾️အထူးသဖြင့် မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းများနဲ့ ဆက်စပ်ပြီး Total ရဲ့ နိုင်ငံရေးဆိုင်ရာ ဆွဲဆောင်စည်းရုံးတဲ့ လော်ဘီလုပ်ငန်းများအတွက် ထောက်ပံ့ငွေကြေးများကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားရန်။

ရင်းနှီးမြှုပ်နှံသူများမှ ပေးပို့လိုက်တဲ့ ပထမပေးစာအတွက် Total ကုမ္ပဏီက ဒီဇင်ဘာလအတွင်း ပြန်လည်ဖြေကြားခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံသူများဖက်က ဒုတိယပေးစာတစ်စောင် ထပ်မံပေးပို့ခဲ့ကာ၊  ၂၀၂၂ ခုနှစ်အတွင်း အပြန်အလှန်ဆွေးနွေးမှုများ ပိုမိုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ် လို့ ပြောဆိုလိုက်ပါတယ်။

Total က မြန်မာနိုင်ငံရှိ ၎င်းတို့ရဲ့ စီမံကိန်းများနဲ့ တူးဖော်မှုများကို ဆက်လက်မလုပ်ဆောင်ဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ၎င်းတို့ရဲ့ အလုပ်သမားများ အဓမ္မခိုင်းစေမှု (forced labour) များ ရင်ဆိုင်ရနိုင်ခြင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံအတွက် စွမ်းအင်ထောက်ပံ့မှုကို တုန့်ဆိုင်းစေမည်ဖြစ်ခြင်း တို့ကြောင့် ၎င်းတို့အနေနဲ့ ရတနာဓါတ်ငွေ့လုပ်ကွက်ရှိ ကျန်ရှိလုပ်ငန်းများကို လက်တလော ရပ်ဆိုင်းရန် မဖြစ်နိုင်သေးကြောင်း တိုတယ်က ၎င်းတို့ရဲ့ ဝဘ်ဆိုဒ်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

escrow account နှင့် စပ်လျဉ်းပြီးလည်း “ကျွန်ုပ်တို့အနေနဲ့ လစဉ်အခွန်ငွေများကို အစိုးရကို မပေးဘဲ escrow account တစ်ခုထဲမှာ ထားရှိဖို့ စဉ်းစားထားခဲ့ပါတယ်။ ဒါပေမဲ့ အဲ့လို မပေးချေဘူးဆိုရင် ကျွန်ုပ်တို့ လက်အောက်ခံကုမ္ပဏီက စီမံခန့်ခွဲသူတွေဟာ ဖမ်းဆီးခံရခြင်းနဲ့ ထောင်ချခံရခြင်းတွေ ကြုံတွေ့ နိုင်တယ်” လို့ ၎င်းတို့ရဲ့ ဝဘ်ဆိုဒ်မှာ ပြောကြားထားပါတယ်။

ထိုအတောအတွင်း ၎င်းတို့အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများအပါအဝင် နိုင်ငံတကာနဲ့ နိုင်ငံအာဏာ ပိုင်များက အရေးယူ ချမှတ်တဲ့ ဆုံးဖြတ်ချက်မှန်သမျှကို လိုက်နာဆောင်ရွက်သွားမှာဖြစ်ကြောင်း ထပ်မံ ဖော်ပြပြောဆိုထားပါတယ်။

ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူများဖက်ကတော့ အဆိုပါဆောင်ရွက်ချက်တွေဟာ လုံလောက်မှု မရှိမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ “အမျိုးမျိုးသော ထည့်သွင်းစဉ်းစားရမဲ့အချက်များကို ထောက်ရှုရရင် အခုအခြေအနေက Total ကုမ္ပဏီအတွက် အရမ်းကို ခက်ခဲတဲ့အခြေအနေ ဖြစ်ပါတယ်။ ဒါပေမဲ့ Total အနေနဲ့ ဖြစ်ပေါ်တိုးတက်မှုများကို နားလည်လက်ခံဖို့၊ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေနှင့် လုပ်ငန်းများ ရပ်ဆိုင်းမှုရဲ့ အကျိုးဆက်တွေကို ဆန်းစစ်အကဲဖြတ်ဖို့က အလွန်အရေးပါ ပါတယ်” လို့  နော်ဝေ ပင်စင်ရံပုံငွေအဖွဲ့ KLP မှ Kiran Aziz က ပြောခဲ့ပါတယ်။

ဒိန်းမက် ပြည်သူ့ပင်စင်ရံပုံငွေ အဖွဲ့အစည်းများဖြစ်ကြတဲ့ PKA နှင့် PFA တို့ကလည်း ၎င်းတို့ အနေဖြင့် အဆိုပါအကြောင်းအရာအပေါ် Total ကုမ္ပဏီနဲ့ ဆက်သွယ်မေးမြန်းမှုများ ပြုလုပ် လျက်ရှိကြောင်း အတည်ပြုပေးခဲ့ပါတယ်။

အမေရိကန် အခြေစိုက် စွမ်းအင်ကုမ္ပဏီကြီးဖြစ်တဲ့ Chevron ကလည်း ၎င်းတို့ရဲ့ မြန်မာနိုင်ငံရှိ လုပ်ငန်းများနဲ့ ပတ်သက်ပြီး ယုံကြည်မှုအခြေပြု ရင်းနှီးမြှုပ်နှံသူ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Azzad Asset Management ရဲ့ ဆက်သွယ်မေးမြန်းများနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ Azzad ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “နှစ်ဖက်ပြောဆို ဆွေးနွေးမှုကို လက်ရှိမှာ လမ်းကြောင်း ဖွင့်ထားပါတယ်။ ဟုတ်ပါတယ်၊ ကျွန်ုပ်တို့လည်း မြန်မာနိုင်ငံအတွင်း ၎င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုများရဲ့ အကျိုးဆက်တွေအပေါ်  စိုးရိမ်ပူပန်နေဆဲ ဖြစ်ပါတယ်” လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။ 

Chevron ရဲ့ ဝဘ်ဆိုဒ်မှာတော့ ၎င်းတို့အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအသစ် ဆက်လက် လုပ်ဆောင်ရန်မရှိတော့ဟု ထုတ်ဖော်ပြောဆိုထားသော Total အား ထောက်ခံကြောင်း၊ ဒါပေမဲ့ Total အနေနဲ့  ၎င်းတို့အပေါ်  မှီခိုနေတဲ့ လူပုဂ္ဂိုလ်များနဲ့ စီးပွားရေးလုပ်ငန်းများရဲ့ လိုအပ်ချက်ကို ပြည့်မီစေဖို့ ဓါတ်ငွေ့ထုတ်လုပ်မှုကို ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း” ဖော်ပြထားပါတယ်။ အဆိုပါ ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းအနေနဲ့ ရှယ်ယာရှင်များအား လစဉ်အမြတ်ငွေ ခွဲဝေပေးချေမှုကို ရပ်ဆိုင်းထားရန် ဆုံးဖြတ်ချက်ကိုလည်း ထောက်ခံခဲ့ပြီး၊ ယင်းဆုံးဖြတ်ချက်သည် ဒဏ်ခတ်ပိတ်ဆို့မှုများကို လိုက်နာလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

စွမ်းအင်ကုမ္ပဏီများစွာကို လိုက်လံဆက်သွယ်မေးမြန်းမှုများ ပြုလုပ်နေတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့  BMO Asset Management ရဲ့ Associate ESG Analyst ဖြစ်သူ Lorraine Hau က ၎င်းတို့အနေနဲ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်းများနဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူများအကြား ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုများ၊ အပြန်အလှန်သက်ရောက်မှုများကို နားလည်ရန် သတ

်မှတ်ရွေးချယ်ထားတဲ့ ကုမ္ပဏီများနဲ့ ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ကုမ္ပဏီများအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ကြံရာပါ ပတ်သက်မှု မရှိစေရန်၊ မည်သို့ ရှောင်ရှားနိုင်ရန်၊ နိုင်ငံတကာစံနှုန်းများကို မည်သို့လိုက်နာနိုင်ရန် စတာတွေကို အလေးထား ဆွေးနွေးမည် ဖြစ်ကြောင်း RI သို့ ပြောကြားခဲ့ပါတယ်။

အဆိုပါပြောရေးဆိုခွင့်ရှိသူက နိုင်ငံအတွင်း တည်ရှိဆဲကုမ္ပဏီတွေရဲ့ တာဝန်သိ ရုတ်သိမ်းထွက်ခွာမှု အစီအစဉ်များကို ဆွေးနွေးမှုများ ပြုလုပ်ထားခြင်း မရှိသေးသော်လည်း၊ အနာဂတ်တွင် ၎င်းတို့ကို လေ့လာ ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ “ကုမ္ပဏီများအနေနဲ့ ရုတ်သိမ်း ထွက်ခွာမှု အစီအစဉ်တစ်ရပ်ကို စဉ်းထားခြင်း ရှိ/မရှိကို သိရှိရန်၊ စဉ်းစားထားခြင်းရှိရင် တာဝန်သိစွာ လုပ်ဆောင်ရန်အတွက် အဆိုပါကုမ္ပဏီတွေနဲ့ ဆက်သွယ်မေးမြန်းမှုများ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ ရုတ်သိမ်းထွက်ခွာမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုး သက်ရောက်မှုများကို နားလည်ရန်နဲ့ လျော့ချရန် တို့အတွက် ကုမ္ပဏီရောင်းချမှုရဲ့ အကျိုးဆက်အပေါ် ဒေသခံသက်ဆိုင်သူများနဲ့ ဆွေးနွေးညှိနှိုင်းမှုများ အပါအဝင် လိုအပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ စီစစ်ဆောင်ရွက်သင့်သည်များ လုပ်ဆောင်ရမယ်ဆိုတာ အဓိပ္ပါယ်သက်ရောက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article