36 C
Yangon

အလုပ် မဖြစ်သေးသည့် တရုတ်ယွမ်နှင့်ကျပ်ငွေ တိုက်ရိုက် ပေးချေမှုစနစ်

Must read

By လမ်းသစ်

နယ်စပ်တွင် ယွမ်ငွေနဲ့ ကျပ်ငွေ တိုက်ရိုက်ပေးချေခွင့်ပြုထားသည်မှာ တလကျော်ခဲ့ဖြစ်သည်။ သို့သော်လည်း အကောင့်ဖွင့်လှစ်သူ နည်းပါးပြီး သိသာထင်ရှားသော ရလာဒ် ဖြစ်မပေါ်သေးချေ။ နယ်စပ်တွင် အဆိုပါဘဏ်စနစ်ကို အသုံးပြုသည့် ယွမ်ငွေနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေသည့် စနစ်ကို အသုံးပြုသူ နည်းပါးနေသေးသည် ဟု လုပ်ငန်းရှင်တို့က ဆိုသည်။

၂၀၂၁ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် မြန်မာနိုင်ငံဗဟိုဘဏ်မှ တရုတ်-မြန်မာနှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး တိုးတက်စေရန်နှင့် သယ်ယူ ပို့ဆောင်ရေးလွယ်ကူစေရန်၊ နှစ်နိုင်ငံ ငွေကြေးရောင်းဝယ်ယူမှုနှင့် ပေးချေမှု လွယ်ကူစေရန်အတွက် တရုတ်-မြန်မာနယ်စပ်ဒေသတွင် တရုတ် ယွမ်ငွေနှင့်  မြန်မာကျပ်ငွေဖြင့် တိုက်ရိုက်ပေးချေခွင့် ပြုခဲ့သည်။

တလကျော် ကြာမြင့်သည့်အထိ သုံးစွဲမှု နည်းပါးရခြင်းမှာ နယ်စပ်တွင် ကုန်သွယ်ရေး ကျဆင်းခြင်း၊ လုပ်ငန်းရှင်အများစုက ရှေးကတည်းက ကျင့်သုံးလာသော ငွေလဲလုပ်ငန်းအ‌ပေါ်တွင်သာ မှီခိုနေရခြင်းတို့ကြောင့် ဖြစ်သည် ဟု နယ်စပ်လုပ်ငန်းရှင်တို့က ဝန်ခံထားသည်။

အလားတူ တရုတ်နိုင်ငံဘက်မှ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က တရုတ်နိုင်ငံ ICBC ဘဏ်ခွဲမှ တဆင့် မြန်မာနိုင်ငံ မူဆယ် စီးပွားရေးဘဏ်ခွဲကို တရုတ်ယွမ် ၂၁၄၆.၇၆

 ‌လွဲပြောင်းပေးနိုင်ခဲ့သည် ဟုဆိုသည်။

လက်ရှိ အချိန်ထိ မြန်မာဘက်ခြမ်းမှ ပေးပို့မှု မရှိသေးပဲ ကုန်သည်အများစုမှာ ငွေကြေးလွဲပြောင်းမှုအများစုကို ပြင်ပငွေလွဲလုပ်ငန်းများမှ တဆင့်သာ သွားနေကြသည် ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီကမူ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှ စတင်ကာ မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန် ၇ မျိုး နှင့်သွင်းကုန် ၃၁ မျိုးကို ဘဏ်စနစ်ဖြင့် ပေးချေတင်သွင်း တင်ပို့ခွင့်ပြုနေပြီဖြစ်ကြောင်း ပြောကြားထားသည်။

လက်ရှိ နယ်စပ်ကုန်သွယ်ရေး ကျဆင်းနေမှု အခြေအနေတို့အရ အဆိုပါ ငွေပေးချေသည့်စနစ်ကို လုပ်ငန်းရှင်များ အသုံးပြုနိုင်ခြင်း မရှိသေးသော်လည်း လုပ်ငန်းရှင်များမှာ လုံခြုံစိတ်ချမှု ရှိသည့်အတွက် လက်ခံထားကြသည့် အနေအထားတွင် ရှိနေသည်။

အဆိုပါ တရုတ်ယွမ် နှင့် ကျပ်ငွေ တိုက်ရိုက်ငွေပေးချေ စနစ်ကြောင့် မြန်မာနိုင်ငံသည် တရုတ်ယွမ်အပေါ် ပိုမို မှီခိုလာရမည့် အခြေအနေတွင် ရှိနေသည်။ တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးမှာ နှစ်စဉ်ကုန်သွယ်မှု တန်ဖိုးမှာ ပျမ်းမျှ ၉ ဘီလီယံကျော် ရှိနေပြီး နေ့စဉ်ကုန်သွယ်မှုမှာ ဒေါ်လာ ၅ သန်းအထက်တွင် ရှိနေသည်။

အဆိုပါ ယွမ်နှင့်ကျပ် တိုက်ရိုက်ပေးချသည့်စနစ်သာ အသုံးပြုပါက မြန်မာနိုင်ငံ၏ ဒေါ်လာငွေကြေး လိုအပ်ချက်ကို အတိုင်းအတာတခုအထိ လျော့ချပေးနိုင်မည် ဖြစ်သလို ငွေပေးချေရာတွင်လည်း ဒေါ်လာ ကြားခံစရာမလိုပဲ ပေးချေနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံသည် ငွေကြေးလဲလှယ်ရာတွင် အမေရိကန်ဒေါ်လာကို အမှီပြုနေရသော်လည်း တကယ်တမ်းတွင်မှု တရုတ်ယွမ်ငွေ အတက်အကျပေါ်တွင် မှီခိုနေရသည် ဟု ငွေကြေးအကျိုးဆောင်‌တို့က ဆိုသည်။

မြန်မာ့ငွေလဲဈေးနှုန်းသည် ကမ္ဘာ့ဒေါ်လာဈေး အတက်အကျထက် တရုတ်ယွမ်ငွေအတက်အကျ ဖြစ်ပေါ်ပါက ပြည်တွင်း ငွေကြေးလဲလှယ်သည့် ဈေးကွက်ပေါ် အကျိုးသက်‌ရောက်မှု ရှိနေသည်ဖြစ်ရာ ငွေကြေးအကျိုးဆောင်တို့က ဒေါ်လာကိုကြည့်လျှင် ယွမ်ကိုပါ စောင့်ကြည့်ရသည် ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ကုန်သွယ်ရေး၊ စီးပွားရေးသာမက နိုင်ငံရေးအရပါ တရုတ်နိုင်ငံအပေါ် များစွာ မှီခိုနေရသည်။ ယခင်က ငွေကြေးဈေးကွက်တွင် တရုတ်ယွမ်ကို တိုက်ရိုက်ပေးချေ အသုံးပြုခွင့် မရသဖြင့် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များပါ အခတ်အခဲ ဖြစ်ရသလို ပြည်တွင်း ငွေကြေးဆောင်ရွက်ရာတွင်လည်း အခတ်အခဲ ဖြစ်သည်။

တရုတ်ထံမှ အစိုးရချေးငွေ၊ ရင်းနှီးမြှုပ်နှံမှု ငွေများကို ယွမ်ငွေမှ ဒေါ်လာသို့ ပြန်လည်ပြောင်းလဲရသဖြင့် ငွေကြေးလဲလှယ်ခ ပိုမိုကုန်ကျနေရသည်။ နယ်စပ်ကုန်သွယ်ရေးတွင်ပင် ကျပ်ငွေနှင့် ယွမ် တိုက်ရိုက်ပေးချေမှု မရှိသဖြင့် တရုတ်နယ်စပ်ဘဏ်မှ စင်္ကာပူဘဏ်ကို ငွေလွဲကာ ယင်းမှတဆင့် ဒေါ်လာပြန်လွဲရသည် ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ထိုသို့ တရုတ်အပေါ် အလုံးစုံ မှီခိုနေရသည့် မြန်မာအတွက် ကျပ်ငွေနှင့် ယွမ်ငွေ တိုက်ရိုက်ပေးချေသည့်စနစ်မှာ အမှန်တကယ် လိုအပ်နေသည်။ သို့သော်လည်း (Right Time Right place) ဆိုသလို အချိန်မှန်ကာလတွင်း မပြုလုပ်ခဲ့သဖြင့် တကယ့်ဈေးကွက်တွင် ဝင်ရောက်သည့်အခါ သုံးစွဲမှု နည်းပါးနေခြင်း ဖြစ်သည်။

အမှန်တကယ် သုံးစွဲခွင့်ပြုသည့်ကာလတွင် နယ်စပ်တွင် ကုန်သွယ်ရေးအားနည်းကျဆင်းနေပြီး ကုန်သွယ်မှု မရှိသဖြင့် ငွေကြေးစီးဆင်းမှုမှာ ယခင်ထက် ပိုနည်းပါးနေသည်။

အလားတူ တရုတ်-မြန်မာနယ်စပ်တွင် ရှေးယခင်ကတည်းက ကုန်သည်လုပ်ငန်းရှင်များ ကျင့်သုံးနေသည်မှာ ပြင်ပငွေ‌လဲဈေးကွက် (Black Market) သာ ဖြစ်သည်။ တရုတ်နိုင်ငံမှ ငွေလွဲပါက ပြင်ပငွေလဲလုပ်ငန်းက လက်ခံပေးကာ တဖက်မြန်မာဘက်ခြမ်းကို ကျပ်ငွေကို ပြန်ပြောင်းလဲကာ ပေးသည်။ အလားတူ မြန်မာဘက်မှ ကျပ်ငွေကိုလည်း လက်ခံကာ ပေါက်ဈေးနှင့် တဖက် တရုတ်နိုင်ငံကုန်သည်ထံ ယွမ်ငွေ ပေးသည်။

ငွေလဲနှုန်းကို အမေရိကန်ဒေါ်လာဈေးနှင့် နယ်စပ်ငွေဈေးကွက်အပေါ် အခြေခံကာ အတက်အကျပြောင်းလဲပြီ

း နေ့စဉ် ဈေးနှုန်းသတ်မှတ်ပေးခြင်း ဖြစ်သည်။ ထိုစနစ်ကို မြန်မာလုပ်ငန်းရှင်များမှာ နှစ်ပေါင်းများစွာ အံဝင်ခွင်ကျ ဖြစ်နေသလို အချင်းချင်း ယုံကြည်မှုနှင့် အလုပ်လုပ်ကြသည့်အတွက် ချက်ချင်းပြောင်းလဲရန် မဖြစ်နိုင်ချေ။

ဒီအပြင် အာဏာသိမ်းပြီးနောက် မြန်မာ့ဘဏ်လုပ်ငန်းမှာ ယိုယွင်းနေသလို ယုံကြည်မှု ပျောက်ဆုံးသည့် အချိန် နှင့်ပါ တိုက်ဆိုင်နေသည်။ ပြင်ပငွေကြေးလဲလှယ်သည့် လုပ်ငန်းမှာ အချင်းချင်း ယုံကြည်စိတ်ချရမှု၊ လုပ်ငန်းရှင်များပါ ပါဝင်နေမှုနှင့် ချက်ချက်ငွေလက်ငင်းရရှိမှုတို့က အားသာနေသည်။

ထိုကြောင့် ယွမ်ငွေနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေသည့်စနစ်မှာ ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း လက်ရှိကာလအတွင်း သုံးစွဲမှု မရှိကြသေးဟု နယ်စပ် လုပ်ငန်းရှင်က ဆိုသည်။

နယ်စပ် ငွေလွဲလုပ်ငန်းများမှာ အားသာချက်ရှိသကဲ့သို့ အားနည်းချက်လည်း များသည်။ ကုန်သွယ်ရေးငွေကို အသုံးပြုကာ တရားမဝင်ငွေကြေးစီးဆင်းနိုင်ခြင်း၊ လောင်းကစား၊ မူးယစ်ဆေးဝါးများမှ ငွေမည်းခဝါချမှုတို့ကို ကြုံရနိုင်ပြီး အလွယ်တကူငွေကြေးဆုံးရှုံးနိုင်ခြင်း တို့လည်းရှိသည် ဟု လုပ်ငန်းရှင်တို့က ဆိုသည်။

‌လောင်းကစား၊ မူးယစ်‌ဆေးဝါး ငွေကြေးများကို ငွေလဲလုပ်ငန်းတို့က အကျိုးအမြတ်ဖြင့် ငွေဖြူ ပြောင်းလဲပေးမှု တို့ရှိနေသဖြင့် တရုတ်အစိုးရက နယ်စပ်ရှိ မြန်မာပိုင် ဘဏ်အကောင့်များစွာကို မကြာခဏ ပိတ်ခြင်း၊ ကန့်သတ်ခြင်း ၊ စီစစ်ခြင်းတို့ကို နှစ်တိုင်း ပြုလုပ်နေသည်။

ထိုကြောင့် နယ်စပ်တွင် ယွမ်ငွေနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေသည့် စနစ်က လုံခြုံစိတ်ချမှု ရှိသည့်အပြင် ငွေကြေးထိန်းချုပ်ခံရခြင်း တို့မှလည်း ကာကွယ်ပေးနိုင်သည်။ တရုတ်ယွမ် နှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေမှု စနစ်သည် ကောင်းမွန်သော်လည်း နယ်စပ်တွင် နှစ်နိုင်ငံလုံးမှ ကုန်သည်များက အသုံးမပြုကြသေးချေ။

အသုံးပြုမှု အားနည်းရသည့် အချက်တခုမှာ လက်ရှိကာလအတွင်း နယ်စပ်ကုန်သွယ်မှုမှာ တရုတ်မှ ကန့်သတ်မှုကြောင့် ၉၀ ရာခိုင်နှုန်းနီးပါး ကျဆင်းနေ၍ ဖြစ်သည်။ ကုန်သွယ်မှု မပြုလုပ်နိုင်သဖြင့် ငွေကြေးစီးဆင်းမှု အားနည်းသွားသည် ဖြစ်ရာ အဆိုပါစနစ်ကို အသုံးပြုသူ နည်းပါး‌နေခြင်း ဖြစ်သည်။

တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ Covid-19 အကြောင်းပြချက်ဖြင့် ကန့်သတ်ထားသလို လူသာမက စိုက်ပျိုးရေးထုတ်ကုန်ကိုပါ Covid-19 ရှိမရှိ တရုတ်က စစ်ဆေးနေသည်။ မကြာမှီ တရုတ်နှစ်သစ်ကူး ကာလပါ ရောက်ရှိတော့မည် ဖြစ်၍ ကုန်သွယ်မှု ပိုလျော့ကျဖွယ် ရှိနေသည်။

မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုးသာမက Omicron ပိုးပါ တွေ့ရှိနေရသည့်အတွက် တရုတ်က ရေရှည် ဆက်လက် ပိက်ပင်ထားဖွယ်ရှိနေရာ နယ်စပ် ကုန်သွယ်ရေးမှာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ တိုးတက်ဖွယ် မရှိဟု လုပ်ငန်းရှင်တို့က ဆိုသည်။

ထိုအချက်ကြောင့် နယ်စပ်တွင် တရုတ်ယွမ်နှင့်ကျပ်ငွေ တိုက်ရိုက်ပေးချေသည့် စနစ်မှာ ၂၀၂၂ ခုနှစ် အတွင်း တိုးတက်လာဖွယ် နည်းပါးသည်။ လက်ရှိအခြေအနေတွင်လည်း အင်အားကြီး တရုတ်နိုင်ငံကို မှီခိုနေရသည့် မြန်မာအတွက် နယ်စပ်တွင် ယွမ်ငွေ‌နှင့် ‌ကျပ်ငွေ တိုက်ရိုက်ပေးချေသည့်စနစ်မှာ အမှန်လိုအပ်နေသည်။

သို့သော် မြန်မာဘဏ်များအပေါ် အယုံကြည် နည်းပါးခြင်း၊‌ မြန်မာငွေကြေး ဖောင်းပွခြင်း၊ နယ်စပ်ကုန်သွယ်ရေး အလုပ်မဖြစ်ခြင်း၊ စီးပွားရေးကျဆင်းပြီး သုံးစွဲမှု လျော့ကျခြင်း အခြေအနေတို့က အတားအဆီး ဖြစ်နေစေသည်။

တဖက်တွင်လည်း ယွမ်ငွေ လဲလှယ်သည့်ဈေးကွက်အပေါ်  ကြီးမားသည့် အကျိုးသက်ရောက်မှု ရှိနိုင်သော်လည်း အဆိုပါဈေးကွက်မှာ ဆက်ရှိနေအုန်းမည် ဟု ခန့်မှန်းရသည်။

ကျောက်စိမ်းကဲ့သိ့သော ကျောက်မျက်များ၊ တခြား မှောင်ခိုကုန်စည်များပို့ဆောင်မှုများသည်လည်း အတိုင်းအတာတခုထိ ရှိနေမည် ဖြစ်ပြီး အခွန်မဆောင်လိုသည့် ကုန်သည်များအတွက် အသုံးချစရာ ဖြစ်နေအုန်းမည် ဖြစ်သည်။

ထိုကြောင့် ရေရှည် သွားရမည့် စနစ်ဖြစ်ပြီး လုပ်ငန်းရှင်တို့၏ ယုံကြည်မှုရရှိရန် ကာလအတန်ကြာ တည်ဆောက်နေရအုန်းမည် ဖြစ်၍ ယွမ်နှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေမှုစနစ်သည် ကောင်းမွန်သောစနစ် ဖြစ်သော်လည်း ယခုနှစ်တွင်မူ အလုပ်ဖြစ်အုန်းမည် မဟုတ်သေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article