25 C
Yangon

တီးတိန်မြို့နယ်တွင် ၁၀ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၈၀ ကျော် သေဆုံး၊ ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့ဘက်မှ ၃ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၁၀ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ၈၂ ဦး သေဆုံးကာ ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များဘက်မှ ၃ ဦး ကျဆုံးကြောင်း CDF (ကလေး၊ ကဘော်၊ ဂန့်ဂေါ) အဖွဲ့က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ အင်အား ၁၀၀ ခန့်ပါဝင်သော တပ်ဖွဲ့သည် ကလေးမြို့မှတဆင့် တီးတိန်မြို့နယ်အတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ စခန်းများကို ထိုးစစ်ဆင်ရန် ချီတက်လာစဉ် ကာကွယ်ရေးမဟာမိတ်အဖွဲ့များမှ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး ကလေး-တီးတိန်-ဖလမ်း လမ်းဆုံရှိ သိုင်းငင်းရွာနှင့် Hiang Zing ယန်ဇိန်ရွာကြားတွင် ၁၀ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ကို CDM Siyin၊ PDF Zoland၊ CNA ချင်းအမျိုးသားတပ်ဦး၊ CDF-KKG (ကလေး၊ ကဘော်၊ ဂန့်ဂေါ)၊ PDF Kalay၊ Zogam Army၊ PDA၊ CNDF၊ Zomi PDF တို့က ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၃ ရက်မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့သည် ခရီးသွားပြည်သူများကို ဓါးစားခံပြုလုပ်ကာထွက်ခွာလာကြောင်း၊ ၁၃ ရက်နေ့တွင် Hiang Zing ယန်ဇိန်ရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်သား ၇ ဦးသေဆုံးကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့သည် နိုင်ငံတော်ပိုင် ကော်ဖီခြံရှေ့ရှိ ဝန်ထမ်းနေအိမ်များနှင့် ဂိုထောင် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၄ ရက်တွင်လည်း ယန်ဇိန်ရွာအနီး တိုက်ပွဲထပ်ဖြစ်ပြီး စစ်သား ၁ ဦးသေဆုံးကာ စစ်ကောင်စီက ဒေသခံ အပြစ်မဲ့ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၅ ရက်တွင် တိုက်ပွဲပြင်းထန်ပြီး ချင်းပြည်နယ်-စစ်ကိုင်းတိုင်းအစပ်ရှိ ခိုင်ကမ်းမြို့၊ ကလေးတက္ကသိုလ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သလို လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရကာ ၁ ဦး ကျဆုံးခဲ့သည်။

ဇန်နဝါရီလ ၁၇ ရက်နှင့်  ၁၈ ရက်တွင်လည်း ယန်ဇင်ရွာအနီး တိုက်ပွဲများထပ်မံဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၂ ဦး သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

ကလေး-တီးတိန်-ဖလမ်း လမ်းသုံးခွဆုံတွင်ရှိသော သိုင်းငင်းကျေးရွာဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်သည် သုံးဖက် သုံးရံမှ စစ်ကြောင်းများထိုးလာခဲ့ပြီး ဖလမ်းမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့မှာ မဟာမိတ်တပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ လုမ်းဘမ်ရွာ၌ ရပ်နားခဲ့ရသည်။

ဇန်နဝါရီလ ၂၁ ရက် နံနက် ၁ နာရီ ၄၅ မိနစ်တွင် ယန်ဇိန်ရွာ၌တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရ စစ်သား ၁၅ ဦးသေဆုံးကာ ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ၂ ဦး ဒဏ်ရာရခဲ့သည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ယန်ဇိန်ရွာတွင် ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ကို စစ်ကူရန် တီးတိန်မြို့ ဘက်မှတဆင့် စစ်ကောင်စီတပ်နှင့် လက်ပါးစေ ဇိုမီးတော်လှန်ရေးတပ် ZRA  အင်အား ၁၀၀ ခန့် ထွက်ခွာလာပြီး ကလေးတက္ကသိုလ်ဘက်မှ လက်နက်ကြီးများ ပစ်ကူကာ လေကြောင်းမှလည်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် တိုက်ပွဲအလွန်ပြင်းထန်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄၀ ခန့် ကျဆုံးခဲ့ကြောင်း စစ်ကောင်စီ၏ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များသည် သိုင်းငင်းကျေးရွာ အနီးတဝိုက်မှ ဆုတ်ခွာပေးခဲ့ရကြောင်း သတင်းရရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article