25 C
Yangon

စစ်တပ်က မြန်မာပြည်သူများအပေါ် လူသားမျိုးနွယ်စုဆိုင်ရာ ပြစ်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေ၍ နည်းလမ်းစုံကို အသုံးပြု လူထုကို ကာကွယ်ပေးရန် နိုင်ငံတကာတွင် တာဝန်ရှိဟု ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြော

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅ 

မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် စစ်တပ်က မြန်မာပြည်သူများအပေါ် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုများကျူး လွန်နေ၍ နိုင်ငံတကာအနေဖြင့် နည်းလမ်းစုံကို အသုံးပြု၍ မြန်မာပြည်သူများကို  ကာကွယ်ပေးရန် တာဝန်ရှိဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောဆိုလိုက်သည်။ 

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ဇန်နဝါရီလ ၂၄ ရက်နေ့ ကျင်းပပြုလုပ်သော (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၅၆) ကြိမ်မြောက် မျက် နှာ စုံညီအစည်းအဝေး၌ “ကုလသမဂ္ဂအဖွဲ့အစည်း၏ လုပ်ငန်းများနှင့် စပ်လျဉ်း၍ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာ” ဘာသာရပ်ဆိုင် ရာဆွေးနွေးမှုတွင် အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ 

သံအမတ်ကြီး ဦးကျော်မိုးထွန်းက (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၅၆) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး၌ စစ်တပ်၏ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှု တို့၏ သားကောင်များမဖြစ်စေရေး နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် နည်းလမ်းပေါင်းစုံဖြင့် မြန်မာပြည်သူများကို ကာကွယ်ရန် တာဝန်ရှိသည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားလာခဲ့သည်မှာ တစ်နှစ် တင်းတင်းပင် ပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူ (၁၄၄၇) ဦး ကျော် သေဆုံးခဲ့ပြီး အခြား ထောင်ပေါင်းများစွာသော ပြည်သူများမှာလည်း ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း၊ ညှင်းပန်းနှိပ်စက် ခံရကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာ့စစ်တပ်အား ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော်လည်း ၎င်းတို့သည် ပြည်သူများ အပေါ် မည်သို့မျှ စဉ်းစားပေးခြင်းမရှိဘဲ၊ ပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုဆန့်ကျင်ကာ လူ့အခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်၍ ပြစ်မှုမြောက်များစွာကိုသာ ကျူးလွန်လျက်ရှိကြောင်း သံအမတ်ကြီးကပြောသည်။ 

  မြန်မာ့စစ်တပ်၏ အင်အားအလွန်အကျွံအသုံးပြုမှုနှင့် လူသားမဆန်သော ရက်စက်ကြမ်းကြုတ် မှုတို့ကြောင့် ပြည်သူများနှင့် ပြည်သူများ၏ အိုးအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ ကျန်းမာရေး အဆောက်အဦများ၊ စာသင်ကျောင်းများနှင့် လယ်ယာပျိုးခင်းများ ပျက်စီးခဲ့ရကြောင်း၊ ထိုမျှမကဘဲ အသက်သေးဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းအပြင်၊ ရာနှင့်ချီသော ပြည်သူများအနေဖြင့်လည်း နီးစပ်ရာ နယ်မြေဒေသများသို့ ထွက်ပြေးရှောင်တိမ်းနေရပြီး ဒုက္ခသည်များအဖြစ် ရပ်တည်နေရကြောင်း၊ ထိုသို့ ဒုက္ခ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသူများတွင် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ မိန်းမရွယ်လေးများနှင့် ကလေးငယ်များလည်း ပါဝင်ကြောင်း၊ အဆိုပါ ခက်ခဲသည့်အခြေအနေများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီ မလုံလောက်မှုတို့က ၎င်းတို့အား ပိုမိုထိခိုက်လွယ်၍ စိုးရိမ်ရ သော အန္တရာယ်များသို့ရောက်စေရန် တွန်းပို့နေကြောင်း၊ မြန်မာစစ်တပ်မှ ဖော်ပြပါ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဥပဒေများကို ချိုး‌ဖောက်နေသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုတို့ကို ကျူးလွန်နေသည်မှာ သိသာ ထင်ရှားကြောင်း ၎င်းက ထောက်ပြသည်။ 

မြန်မာ့စစ်တပ်က ပိုမိုဆိုးရွားသော ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်မည့် ရန်စွယ် အန္တရာယ်မှ ကာကွယ်နိုင်ရန် မြန်မာပြည်သူပြည်သားများအနေဖြင့် နိုင်ငံတကာ၏ အကူအညီနှင့် အကာအကွယ်ပေးမှုတို့ကို လိုအပ်နေသည်မှာ ရှင်းလင်းမြင်သာပါကြောင်း၊ မြန်မာ့စစ်တပ်၏ ပြစ်မှုများကျူးလွန်မှုကြောင့် ထိခိုက်ခံစားရသူများ ပိုမိုမတိုးပွား လာစေရန် ဆောင်ရွက်ပေးစေလိုကြောင်းနှင့် မြန်မာပြည်သူပြည်သားများအပေါ် စစ်တပ်မှ ကျူးလွန်နေသည့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုအန္တရာယ်တို့မှ အကာအကွယ်ပေးနိုင်ရန် ကုလသမဂ္ဂပဋိဉာဏ်စာတမ်းနှင့်အညီ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကုလသမဂ္ဂမှတစ်ဆင့် ဖြစ်နိုင်သည့်နည်းလမ်းစုံကို အသုံးပြု၍ အချိန်မီပြတ်သားစွာ ကာကွယ်ပေးရန် တာဝန်ရှိပါကြောင်း ၎င်းက ပြောသည်။

အဓိကအားဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကတိကဝတ်ပြုမှုနှင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ ခိုင်မာပြီး မမှိတ်မသုန် ထောက်ခံမှုတို့ဖြင့် မြန်မာ့စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို အပြီးတိုင်အဆုံးသတ်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် လိုအပ်နေသော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ဖော်ဆောင်နိုင်ကာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကိုလည်း ပေးအပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှု ပြန်လည်ပေါ်ထွန်းလာစေရေးတို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ထိရောက် မြန်ဆန်၍ ညီညွတ်သည့် တုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်ပေးကြရန် မိမိအနေဖြင့် ထပ်လောင်း တောင်းဆိုလိုပါကြောင်း သံအမတ်ကြီးက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article