32 C
Yangon

စစ်ဆင်ရေး နေရာကို အသိမပေးဘဲ တိုက်ခိုက်ခိုင်း၍ စစ်သားများက ဆွေမျိုးများနှင့် မွေးရပ်မြေကို ပြန်တိုက်နေရ၊ ဆွေမျိုးများကလည်း စစ်သားများကို လက် နက်ကိုင် ပြန်ချ၊ စစ်ကိုင်းတိုင်းတွင် စစ်တပ် သေဆုံးနှုန်းများနေဟု CDM ဗိုလ်ကြီးကောင်းသူဝင်းပြော

Must read

ရန်ကုန်၊ ဇန်နဝါရီလ ၂၆

အကြမ်းဖက် စစ်ကောင်စီက စစ်ဆင်ရေး နေရာကို အသိမပေးဘဲ တိုက်ခိုက်ခိုင်းနေသဖြင့် တပ်အတွင်းမှ စစ်သားများ ၎င်းတို့၏ဆွေမျိုးများနှင့် မွေးရပ်မြေများကို ပြန်လည်တိုက်ခိုက်နေရမှုများရှိနေကြောင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ CDM ဗိုလ်ကြီးကောင်းသူဝင်းက ပြောဆိုသည်။ 

လက်ရှိအချိန်တွင် စစ်သားများသည် ၎င်းတို့ ဆွေမျိုးများကပင် ပြန်လည်တိုက်ခိုက်ခြင်းကို ခံနေရကြောင်းနှင့် ရှေ့တန်းထွက်ချိန်တွင် မည်သည့်နေရာသို့ သွားရမည်ကို အောက်ခြေတပ်သားများ မသိရှိရဘဲ ကိုယ့်မွေးရပ်ရွာကို ပြန်တိုက်ခိုက်ရသည့် အခြေအနေများပင် ရှိနေကြောင်း ဗိုလ်ကြီး ကောင်းသူဝင်းက ဆိုသည်။

“တပ်ထဲမှာက အများစုက ဗမာတွေပေါ့၊ အခုတိုက်ပွဲဖြစ်နေတဲ့ တချို့မြို့တွေ ရွာတွေက သူတို့အမျိုးတွေရဲ့ ထောက်ခံမှုတွေ မရှိတော့ဘူး၊ တချို့ဆို လက်နက်ကိုင်ပြီးတော့တောင် ပြန်တိုက်နေတယ်။ နောက် တိုင်းစစ်ဌာနချုပ်က တပ်ရင်း ၁ ရင်းကို ခေါ်တယ်၊ မင်းတို့ ဘယ်သွားဆိုပြီးတော့ အရာရှိတွေကို ခေါ်ပြောတယ်၊ မြေပုံတွေ ဘာတွေ ဆွေးနွေးတယ် အဲလိုလုပ်ပြီးရင် လွှတ်တာပဲ။ အောက်ခြေစစ်သားတွေက ဘယ်သွားရမယ်ဆိုတာ သိချင်မှ သိမယ်၊ သူတို့ ဘယ်သွားတိုက်ရမလဲဆိုတာ အရိပ်အမြွက်လောက်ပဲ သိတာမျိုးပေါ့၊ ဥပမာ သွားရမယ့်နေရာက ငါတို့ အိမ်နဲ့ နီးနီးလေးပေါ့၊ အိမ်ပြန်ချင်တာတောင် မပြန်ရဲဘူး အဲလိုမျိုးတွေ ရှိတယ်” ဟု ဗိုလ်ကြီးကောင်းသူဝင်းက လက်ရှိ စစ်ကောင်စီ၏ တပ်တွင်း အခြေအနေကို ပြောပြသည်။

လက်ရှိ စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ် တိုက်ပွဲများအတွင်း ဒဏ်ရာရ အရာရှိများ စစ်သည်များကို မုံရွာသို့ ရဟတ်ယာဉ်များဖြင့် ပြန်လည် သယ်ဆောင်လာပြီး တိုင်းမှူးကိုယ်တိုင် ဆေးရုံထိသွားပြီး အားပေးစကားပြောကာ ထောက်ပံ့ပေးနေရကြောင်းနှင့် နမခ က တာဝန်ယူထားသော စစ်ဆင်ရေးများတွင် အကျအဆုံးများနေသည်မှာ မှန်ကန်ကြောင်း CDM ဗိုလ်ကြီးက ဆက်လက်ပြောဆိုသည်။

ထို့ပြင် ပုလဲတွင် နာမည်ကြီးနေသည့် ဗိုလ်နဂါးကိုလည်း ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် နမခက စစ်ဆင်ရေးဖြင့် ရှာဖွေမှုရှိခဲ့ကြောင်း ၎င်းကဆိုသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ထားသည့် မုံရွာမြို့နှင့် မဝေးသည့် ပုလဲနယ်တွင် စစ်ယာဉ်တန်းများ မကြာခဏ မိုင်းဆွဲခံရခြင်း၊ စစ်ဆင်ရေးများ အောင်မြင်မှု မရခြင်းကြောင့် ဗိုလ်နဂါးကို နမခက စစ်ဆင်ရေးတစ်ရပ်ဖြင့် ရှာဖွေတိုက်ခိုက်မှုရှိခဲ့ကြောင်း CDM ဗိုလ်ကြီး ကောင်းသူဝင်းက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

“ပုလဲနယ်က စစ်ကြောင်းသွားရင် ခဏခဏ မိုင်းဆွဲခံရတယ်၊ တပ်ဘက်က ကြီးကြီးမားမားအောင်မြင်မှုရတာလည်း မရှိဘူး၊ ပုလဲဆိုတာ မုံရွာတိုင်းစစ်ဌာနချုပ်လည်း မဝေးဘူးလေ၊ အဲလိုဆိုတော့ တိုင်းသိက္ခာကျတာပေါ့ဗျာ။ အဲဒီမှာ သူတို့ သတင်းတခုရမှာပေါ့၊ သတင်းရတော့ ရှိသမျှ တပ်တွေ ဆွဲထုတ်ပြီးတော့ ရဟတ်ယာဉ်နဲ့ စစ်သည်တွေချပေးမယ်၊ ပြီးရင် Mi35p နဲ့ ဝိုင်းပစ်မယ်ပေါ့၊ တပ်ဘက်က အဲဒီလို အစီအစဉ်နဲ့ လုပ်ခဲ့တယ်လို့ ကျနော်ထင်တယ်” ဟု ဗိုလ်ကြီးကောင်းသူဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ပုလဲမြို့နယ်၊ ဦးနှောက်ရွာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခု၏ ခေါင်းဆောင် ဗိုလ်နဂါး ရှိနေသည်ဟု ဆိုကာ အကြမ်းဖက် စစ်ကောင်စီက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရကာ နေအိမ်အချို့လည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။

ဗိုလ်ကြီးကောင်းသူဝင်းသည် မုံရွာ ကြားစခန်းမှူး (တတိယတန်း စစ်ထောက်) တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း၌ CDF KKG ထံ လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်ကာ ပြည်သူနှင့် ပူးပေါင်းထားသူတစ်ဦးဖြစ်သည်။

ဓာတ်ပုံ- အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ CDM ဗိုလ်ကြီးကောင်းသူဝင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article