25 C
Yangon

နိုင်ငံတစ်ဝန်း စျေးများအားလုံး ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ် သပိတ်တွင် ဆိုင်ပိတ်လျှင် ဥပဒေမျိုးစုံ သုံး၍ ဖမ်းဆီးထောင်ချ ချိတ်ပိတ်မည်ဟု စစ် တပ်က ခြိမ်းခြောက်၊ ဆိုင်ပိုင်ရှင်စာရင်းနှင့်ဖုန်းနံပါတ်များ လိုက်တောင်းနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆ 

မြန်မာနိုင်ငံတစ်ဝန်းစျေးများအားလုံးတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ် သပိတ်တွင် ပါဝင်ပြီး ဆိုင်ပိတ်လျှင် ဥပဒေမျိုးစုံသုံး၍ ဖမ်းဆီးထောင်ချ ချိတ်ပိတ်မည်ဟု စစ်တပ်က ခြိမ်းခြောကလျက်ရှိပြီး ဆိုင်ပိုင်ရှင် နာမည်စာရင်း၊ လိပ်စာနှင့် ဖုန်းနံပါတ်များကို လိုက်လံတောင်းခံလျက်ရှိကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ 

နေပြည်တော်၊ ပုဗ္ဗသီရိစျေး (ညစျေး)တွင် စည်ပင်က ဇန်နဝါရီလ ၂၆ ရက်နေ့မှ ဖေဖော်ဝါရီလ ၇ရက်နေ့ အထိ ဆိုင်များအားလုံး မဖြစ်မနေ ဖွင့်ရမည်ဖြစ်ကြောင်း၊ ဆိုင်မဖွင့်ပါက ဆိုင်ငှားဆိုလျှင် ထောင်ချမည်ဖြစ်ပြီး ဆိုင်ပိုင်ရှင်ဖြစ်လျှင် ဆိုင်ခန်းကို ပြည်သူပိုင်သိမ်းမည်ဟု စစ်တပ်က ခြိမ်းခြောက်လာကြောင်း သိရှိရသည်။ 

“ဇန်နဝါရီ ၂၆ ရက်ကနေ  ဖေဖော်ဝါရီ ၇ ရက်နေ့အထိ ဆိုင်ဖွင့်ရမယ်လို့ စည်ပင်ကစာထုတ်တယ်။ မဖွင့်တဲ့ဆိုင်အဌားဆိုရင်ထောင်ချမယ်။ ဆိုင်ပိုင်ဆိုရင်ပြည်သူပိုင်အဖြစ်သိမ်းမယ်ဆိုပြီး စည်ပင် ခြိမ်းခြောက်နေတယ်” ဟု စျေးသူစျေးသားတစ်ဦးက ပြောသည်။

နေပြည်တော် ပျဉ်းမနားတွင်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ စျေးဆိုင်များမပိတ်ရန် စျေးသူစျေးသားများကို လက်မှတ်ထိုးခိုင်းကြောင်း သိရှိရသည်။ 

ရန်ကုန်တိုင်းစျေးများအတွင်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ်သပိတ်တွင် ပါဝင်ခြင်းမပြုရန် စည်ပင်နှင့်စစ်တပ်က လိုက်လံ ခြိမ်းခြောက်နေကြောင်း သိရှိရသည်။ 

“လှည်းတန်းစျေးသည်တွေ ၁ရက်နေ့ စျေးမထွက်ရင်နေရာသိမ်းမယ်။ ၅၀၅နဲ့ ဆွဲမယ်။ ထောင်၃နှစ်ချမယ်ဆိုပြီး လော်စပီကာနဲ့ လိုက်အော်နေတယ်” ဟု  လှည်းတန်းစျေးသားတစ်ဦးက ပြောသည်။ 

အလားတူ မန္တလေးတွင်လည်း စျေးသည်များ အသံတိတ်သပိတ်တွင် ပါဝင်ခြင်းမပြုရန် စစ်တပ်က ဖိအားပေးလာကြောင်း သိရှိရသည်။ 

“မန္တလေး ၆၈ ရေနီမြောင်းဈေးထဲမှာရှိတဲ့ ဈေးဆိုင်မှန်သမျှကို အရပ်ဝတ် မအ လ ၄ ဦး လာပြီး တစ်‌ဈေးလုံးမှာရှိတဲ့ ဆိုင်မှန်သမျှ လမ်းဘေး ဈေးသည်ပါမချန် ဆိုင်မပိတ်ဖို့ တစ်ယောက် တစ်ရွက်ခြိမ်းခြောက်တဲ့စာတွေ ပေးသွားတယ်။ တစ်ဈေးလုံးမှာရှိတဲ့ ဈေးသည်တွေရဲ့ နာမည်တွေကိုလည်း ကောက်သွားတယ်” ဟု မန္တလေးစျေးသည်တစ်ဦးက ပြောသည်။ 

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းမှု ၁ နှစ်ပြည့်အဖြစ် တစ်နိုင်ငံလုံး အသံတိတ် သပိတ်ဆင်နွှဲရန် လူထုတော်လှန်ရေး တက်ကြွလှုပ်ရှားသော အဖွဲ့များက တိုက်တွန်းနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article