25 C
Yangon

အကြမ်းဖက်စစ်ကောင်စီကို ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်မည်ဖြစ်ပြီး မြို့သိမ်းတိုက်ပွဲများ ဖြစ်လာနိုင်ဟု CDF မင်းတပ် ပြောခွင့်ရ ပြော

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ချင်းပြည်နယ်၊ မင်းတပ်-မတူပီကြား၊ မင်းတပ်-ကျောက်ထုကြားတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများကို မကြာခဏ ကြားဖြတ်တိုက်ခိုက်နေသလို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျှက်ရှိသော CDF မင်းတပ် အနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မည်ဖြစ်ပြီး နောက်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲများပါ ဖြစ်လာနိုင်ကြောင်း CDF မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောဆိုသည်။”ကျနော်တို့ရဲ့ ထိုးစစ်တွေ လာမယ်၊ ထိုးစစ်တွေ များများဖြစ်လာမယ်။ တိုက်ပွဲတွေ ရှိလာမယ်။ နောက်ပိုင်းကျရင် ကျနော်တို့ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာမှာပေါ့” ဟု ကိုယောမန်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။လက်ရှိအချိန်တွင် မတူပီမြို့မှ ထွက်ခွာလာသော သံချပ်ကာအမြှောက်ကား ၂ စီးအပါအဝင် စစ်ကား ၈၃ စီးယာဉ်တန်းသည် မင်းတပ်-မတူပီလမ်း မိုင်တိုင် ၅၆ တွင် ရောက်ရှိနေကြောင်း၊ မင်းတပ်အခြေစိုက် ၂၇၄ တပ်ရင်းနှင့် ကျောက်ထု အမြှောက်တပ်များမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း လီလောင်း LiLaung ကျေးရွာရှိ နေအိမ် ၂ လုံး ပျက်စီးသွားကြောင်း သိရှိရသည်။”စကစ က လက်နက်ကြီးနဲ့ ပစ်နေတာ ၁ ပတ်ကျော်ပြီပေါ့၊ ညဘက်မှာ ပစ်တယ်၊ မိုင် ၂၀ လောက် ရောက်တဲ့ လက်နက်ကြီးတွေနဲ့ စမ်းပြီးမှ ပစ်နေတာ၊ မင်းတပ်နဲ့ ၁၈ မိုင်ကွာဝေးတဲ့ ကျောက်ထုအမြှောက်တပ်ကနေပစ်တယ်၊ မင်းတပ်မြို့ပေါ်က ၂၇၄ တပ်ရင်းကနေ ပစ်တယ်၊ ဒီနေ့ဆိုရင် နေ့ဘက်မှာပါ ပစ်တယ်။ ဒီနေ့ သူတို့ပစ်တာ လီလောင်းရွာက အိမ် ၂ လုံး ပျက်စီးသွားတယ်၊ ရှက်ရွာနားမှာလည်း လက်နက်ကြီးတွေကျတယ်၊ လူထိခိုက်တာတော့ မရှိဘူး။ ဒီနေ့ ပစ်တာကို လက်နက်ကြီး ၈ လုံး ၉ လုံး ရှိနေပြီ။ ၄-၅ မိုင်လောက်မှာ လက်နက်ကြီးကျတဲ့ အသံကို ကြားရတယ်။ ဘာကြောင့် ပစ်နေတာလဲတော့ ပြောရခက်တယ်၊ သူတို့မှာ လက်နက်ကြီးတွေ ရှိကြောင်းပြတာ ဖြစ်နိုင်တယ်၊ စမ်းတာလည်း ဖြစ်နိုင်တယ်၊ ပြည်သူတွေကို ခြိမ်းခြောက်တာလည်း ဖြစ်နိုင်တာပဲ” ဟု CDF မင်းတပ် ပြောခွင့်ရက ပြောသည်။လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများကို CDF မင်းတပ်က မကြာခဏတိုက်ခိုက်နေသလို နယ်မြေထိစပ်နေသည့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များဖြစ်သော CDF မတူပီ၊ CDF ကန်ပက်လက်၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့၊ ကျောက်ထုဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ စစ်ကောင်စီကို တိုက်ခိုက်လျှက်ရှိကြောင်း သိရှိရသည်။”လောလောဆယ်က နည်းစပ်ရာ CDF အချင်းချင်း ချိတ်ဆက်တယ်ပေါ့နော်၊ မင်းတပ်နဲ့ဆို မတူပီ၊ ကန်ပက်လက်၊ ယော၊ ကျောက်ထို အဲဒါတွေနဲ့ နီးတယ်၊ ချိတ်ဆက်ပြီး တော်လှန်နေကြတာ၊ တိုက်ပွဲဆင်နေကြတာရှိတယ်။ CJDC လိုမျိုး တပြည်နယ်လုံး အတိုင်းအတာနဲ့သော်လည်းကောင်း၊ ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးသော်လည်းကောင်း မလုပ်နိုင်သေးဘူးပေါ့နော်။ CJDC အနေနဲ့ ကျနော်တို့ တဖြည်းဖြည်း ခြေလှမ်းတွေ ရွေ့နေတာတော့ ရှိတယ်ပေါ့နော်၊ နောက်ပိုင်းဆိုရင်တော့ ပုံပေါ်လာမှာပေါ့” ဟု ကိုယောမန်က ဆိုသည်။ချင်းပြည်နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး CNA အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ဖွဲ့စည်းထားသော Chinland Joint Defense Committee CJDC ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီး CDF မင်းတပ်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည်။ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ CDF မင်းတပ် အုပ်ချုပ်ထားသော နယ်မြေအတွင်း စာသင်ကျောင်း ၁၃၆ ကျောင်း ဖွင့်လှစ်ကာ သင်ကြားပေးနေပြီး စာအုပ်များနှင့် ခဲတံများလိုအပ်နေကြောင်း၊ ပြည်သူများအတွက်လည်း စားနပ်ရိက္ခာနှင့် တကိုယ်ရေသုံးပစ္စည်းများ လိုအပ်နေကြောင်း ကိုယောမန်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article