25 C
Yangon

တမူး-ကလေး လမ်းပိုင်းတွင် စစ်ကောင်စီ ကား ၂ စီးကို တမူး PDF တပ်ရင်း ၃ ပစ်ခတ်တိုက်ခိုက်ပြီး ၁ နာရီခန့် တိုက်ပွဲပြင်းထန်၊ စစ်သား သေဆုံးထိခိုက်မှုရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်း၊ တမူးမြို့မှ ကလေးမြို့ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီ စစ်ကား ၂ စီးကို ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက်တွင် ဗိုလ်ဇီးကွက် ဦးဆောင်သည့် တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃ က ပစ်ခတ်တိုက်ခိုက်ပြီး ၁ နာရီခန့် တိုက်ပွဲဖြစ်ကာ စစ်သားသေဆုံးမှုများရှိကြောင်း သတင်းရရှိသည်။

“ဒီနေ့မနက် ၁၀ နာရီ ၂၃ မိနစ်မှာ ဗိုလ်ဇီးကွက် ဦးဆောင်တဲ့ တမူး PDF တပ်ရင်း ၃နဲ့ တမူးကနေ ကလေးကို ဆင်းလာတဲ့ စစ်ကား ၂ စီးနဲ့ ထိတွေ့ တိုက်ပွဲဖြစ်တယ်၊ တိုက်ပွဲချိန်က ၁ နာရီလောက် ကြာတယ်၊ စစ်သား အများအပြား ထိခိုက်တယ်၊ သေဆုံးစာရင်းကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဗိုလ်ဇီးကွက်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

၁ နာရီခန့် ပစ်ခတ်ပြီးနောက် လူနာတင်ကား ၂ စီးဖြင့် သေဆုံးဒဏ်ရာရ စစ်သားများကို လာရောက်တင်ဆောင်သည်ကို တွေ့ရကြောင်းလည်း တမူး PDF တပ်ရင်း ၃ ထံမှ သိရှိရသည်။

“သူတို့ဘက်က အလောင်းတွေ ကောက်နေတာတော့ တွေ့တယ်။ လူနာတင်ယာဉ် ၂ စီးလာတယ်၊ ၁ စီးက တမူးဘက်ကိုသွားတယ်၊ ၁ စီးက ကလေးမြို့ဘက်ကို သွားတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းဘေးတွေမှာ ကင်းပုန်းဝပ်နေတယ်” ဟု တမူး PDF တပ်ရင်း ၃ မှ ဗိုလ်ဇီးကွက်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

တမူး-ကလေး အာရှလမ်းမကြီး တလျှောက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား နေရာအနှံ့အပြားတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖို့ တမူး PDF တပ်ရင်း ၃ က ထုတ်ပြန်ကြေညာထားသည်။

ဓါတ်ပုံ – တမူး PDF တပ်ရင်း ၃ တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article