25 C
Yangon

နိုင်ငံတစ်ဝန်း စည်ပင်ရုံးများနှင့် ထွေအုပ်ရုံးများ ဗုံးကွဲ၊ စစ်တပ် ထောက်ခံပွဲ လုပ်ရေးဦးဆောင်သူ ၁ဦးနှင့် သတင်းပေး သတ်မှတ်ခံရသူ ၁ဦး သတ်ခံရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

နိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်ပြုလုပ်မည့် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ဈေးဆိုင်များနှင့် ဈေးများ အတင်းအဓမ္မဖွင့်လှစ်ခိုင်းသည့် စည်ပင်ရုံးများနှင့် ထွေအုပ်ရုံးများ ဗုံးခွဲတိုက်ခိုက်ခံရကာ စစ်တပ် ထောက်ခံပွဲ ပြုလုပ်မည့်သူ ၁ ဦးနှင့် စစ်တပ် သတင်းပေး သတ်မှတ်ခံရသူ ၁ဦး သတ်ခံရ သတ်ဖြတ်ခံရကြောင်း ဒေသခံပြည်သူများနှင့် ပြည်သူ ကာကွယ်ရေးတပ်ဖွဲ့များ ထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးတိုင်း
========
မန္တလေးတိုင်း တောင်သာမြို့နယ် ထွေအုပ်ရုံးကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၆နာရီ ၁၅ မိနစ်ခန့်တွင် တောင်သာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ဦးထိခိုက်ဒဏ်ရာရရှိကာ ရုံးအတွင်းရှိ ထွေအုပ်ဦးစီး နေအိမ် အမိုးပွင့်သွားကြောင်း တောင်သာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TTA-PDF ကထုတ်ပြန်ထားသည်။ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးကို ဇန်နဝါရီလ ၂၉ ရက်နေ့က Mahlaing People Defense Force (MPDF)က ဗုံးခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိမှု အခြေအနေကို မသိရှိရသေးကြောင်း MPDF တပ်ဖွဲ့ထံမှ သိရသည်။ မန္တလေး တက္ကသိုလ် ၇၃ လမ်း မိန်းထဲတွင် ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၁၂နာရီခန့်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ မန္တလေးတိုင်း ညောင်ဦးမြို့တွင် တပ်မတော် ထောက်ခံပွဲ ပြုလုပ်ရန် စီစဉ်နေသည့် ပျူစောထီး အဖွဲ့ဝင် Golden Bagan ဆိုင်ပိုင်ရှင် တင်စိုးကို ယနေ့ ဇန် နဝါရီလ ၃၀ ရက်နေ့ နံနက် ၇နာရီ ၃၈ မိနစ်ခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ ၄ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း တွမ်တီဝမ်းပျောက် ကျားတပ်မြင်းခြံတပ်ဖွဲ့ ထံမှ သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို တွမ်တီဝမ်း ပြောက်ကျားတပ်မြင်းခြံ၊ ပုဂံဘီလူးတပ်ဖွဲ့ မလှိုင်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် TTA ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း
========
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာသော Pajaro ကားနှင့် Honda Fit ကားနှစ်စီးကို ချောင်းဦး-ဆင်ဖြူရှင် လမ်းပိုင်းတစ်နေရာတွင် ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၁၁ နာရီခန့်က ဒေသခံကာကွယ်ရေး မဟာမိတ်ညီနောင် ၃ဖွဲ့က ပဒေသာမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ယာဉ်မောင်း ၁ဦး ထိမှန်သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း အဆိုပါ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။ အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှုကို Myaung Special People’s Defense Force (MSPDF)၊ 27 Revolution Force မြင်းခြံနှင့် TTA ပျောက်ကျားတပ်(တောင်သာ) စသည့် မဟာမိတ် ညီနောင် ၃ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကိုင်းတိုင်း ကသာမြို့နယ် စည်ပင်ရုံး၌ ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁ဝနာရီခန့်က ဗုံးပေါကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရှိမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာ နှင့် လယ်တော်ကျေးရွာ ကြား မုံရွာ-အမြင့်လမ်းပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ မော်ကြီးကို ဗိုလ်စနေ ဦးဆောင်သည့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ သေဆုံးသူ မော်ကြီးသည် ဇန်နဝါရီလ ၁၅ရက်နေ့ သုတ်သင်ရှင်း လင်းခဲ့သေ၇ ဘုဘကျေးရွာ စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ဝက်ပွဲစားဘိုမင်း၏ ညီဖြစ်ပြီး ၎င်းသည် သစ်ဆိမ့်၊ ချောင်းကောက်၊ ဘုဘ စသည့် ကျေးရွာများတွင် စစ်ကောင်စီကို သတင်းပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဗိုလ်စနေအဖွဲ့ထံမှ သိရသည်။

ပဲခူးတိုင်း
=====
ပဲခူးတိုင်း အုတ်ဖိုမြို့နယ် စည်ပင်သာယာရုံးကို ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၈နာရီ ၃ဝမိနစ်ခန့်၌ Black Eagle UG တပ်ဖွဲ့က ပြည်သူများ အသံတိတ် သပိတ်ပြုလုပ်မည့်နေ့တွင် ဈေးဆိုင်များနှင့် ဈေးများ အတင်းအဓမ္မဖွင့်လှစ် ခိုင်းခြင်းကြောင့် ဗုံးခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု အခြေနေကို မသိရှိရသေးကြောင်း Black Eagle UG တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်

=========

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ မြန်မာမီးရထား တိုင်းရုံးအတွင်း ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၇နာရီ ၄၅မိနစ်ခန့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဓာတ်ပုံ- ယမန်နေ့ညပိုင်း ဗုံးခွဲခံရသည့် မြစ်ကြီးနား တိုင်းမီးရထားရုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article